ပုလော၊ အောက်တိုဘာ ၁၃
တနင်္သာရီတိုင်း ပူလောမြို့နယ် မကျည်းကုန်းကျေးရွာရှိ စစ်တပ်ကာကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီကာကင်းစခန်းကို မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ KNLA တပ်မဟာ(၄) အထူးတိုက်ခိုက်ရေးအဖွဲ့နဲ့ PDF မြိတ်ခရိုင်တပ်ရင်း (၁) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားပြီးနောက် စစ်တပ်ကာကင်းစခန်းကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
မကျည်းကုန်းကျေးရွာရှိ ကာကင်းစခန်းသိမ်း တိုက်ပွဲမှာ စစ်တပ်ဘက်က ရှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ သေနတ် ငါးလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း(၁) တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း ကျန်တဲ့စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် ကာကင်းစခန်းကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မကျည်းကုန်းကျေးရွာ ကာကင်းစခန်းဟာ ပုလောမြို့အတွက် ကာကင်းစခန်းတစ်ခု ဖြစ်ပြီး မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ တည်ရှိသလို စစ်ရေးအရ အရေးပါတဲ့ ကာကင်းစခန်းတစ်ခုလည်း ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်း တစ်နာရီကျော်အကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး မနက် ၉ နာရီကျော်လောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွားလာကြနေတယ်လို့ ခရီးသွားတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

