မော်လမြိုင် ၊ ဩဂုတ် ၈

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်ခြင်းအပါအဝင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းလုံးတွေ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နိုင်မှုအပေါ် မွန်နဲ့ ပအိုဝ်းညီနောင်တော်လှန်ရေးအဖွဲ့တွေက ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြောလာပါတယ်။

ညီနောင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ AD ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့က ၁၀၂၇ စစ်ဆင်ရေးကို ဦး ဆောင်တဲ့ MNDAA ၊ TNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေကို သဝဏ်လွှာကတဆင့် ဂုဏ်ပြုခဲ့တာပါ။

ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA ၊ မန္တလေး PDF အပါအဝင် တော်လှန်ရေးမဟာ မိတ်တပ်ဖွဲ့ တွေက ဩဂုတ် ၃ ရက်နေ့မှာ ရှမ်းမြောက်ရှိ လားရှိုးအခြေစိုက် ရမခတိုင်းစစ်ဌာနချုပ်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင် ရေးကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးဟာ ပြည်ထောင်စုတဝန်းလုံးရှိ တောင်ပေါ်မြေပြန့်အသီးသီးက လူထုတော်လှန်ရေးရဲ့ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး လူထုကို ရန်သူအဖြစ် စစ်ဆင်နေတဲ့ စစ်အုပ်စုရဲ့ ရှုံးနိမ့်မှုတွေကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီလို့ မွန်နဲ့ ပအိုဝ်းညီနောင်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

မိမိတို့အနေနဲ့လည်း တစိတ်တပိုင်း လွတ်မြောက်ရုံနဲ့ အားလုံး မလွတ်မြောက်နိုင်ဘဲ အားလုံး လွတ် မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝရရှိမယ်လို့ ခံယူထားတာနဲ့အညီ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်နေတယ်လို့ အသိပေးပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားတဲ့ စစ်အာဏာရှင်နစ် အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဘဝတူ ညီနောင်တော်လှန်ရေး အင်အားစုတွေနဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သဝဏ် လွှာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.