မော်လမြိုင် ၊ မေ ၂၆

နိုင်ငံ့တောင်ပိုင်း မွန်နဲ့ကရင်ထိန်းချုပ်နယ်မြေတွေရှိတဲ့ မွန်ပြည်နယ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေ လုပ်ဆောင်လာနေတယ်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သထုံခရိုင်ထဲကို မေ ၂၁ ရက်နေ့စကပြီး စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ကင်းထောက်လေ ယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် ကင်းထောက်တာတွေ လုပ်ဆောင်နေတာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်တွေဟာ နေ့တိုင်းနီးပါးပျံသန်းနေပြီး လေကြောင်းကနေ တောက်လျှောက်ထိုးစစ်ဆင်ဖို့ သေချာလောက်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ဝဲတယ်။ တောက် လျှောက်ပဲ သူတို့မှတ်တမ်းယူတာတွေ လုပ်နေတာတော့ ရှိတာပေါ့။ အဲဒါက နေ့တိုင်းနီးပါးပဲ။ မြေ ပြင်ထိုးစစ်တော့ မသိဘူး။ သူတို့ဘက်က ထိုးစစ်ဆင်မလား ခံစစ်ပဲလုပ်မလား မသိဘူး။ လေ ကြောင်းက လုပ်မှာတော့ သေချာလောက်တာပေါ့။ လေကြောင်းကတော့ တောက်လျှောက်လုပ်မယ်လို့ ကျွန်တော်ထင်တာပဲ။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အကုန်လုံးက ဒါတွေအတွက် ပြင် ဆင်ပြီးသားပဲလေနော်”လို့ ဆိုပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီဟာ KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေကို နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် သထုံခရိုင်မှာ အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် အနီးပတ်ဝန်းကျင်တွေမှာတော့ မေလဆန်းကစပြီး ညဘက်အချိန်တွေမှာ စစ်ကောင်စီက ကင်းထောက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သုံးပြီး ကင်း ထောက်လေ့လာတာတွေ ရှိနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ကောင်စီအနေနဲ့ အခုလို ကင်းထောက်လာတာဟာ ရပ်တန့်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ ဖြစ်နိုင်သလို တော်လှန် ရေးတပ်စခန်းဘက်ကို လေယာဉ်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့သဘောလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက နယ်မြေရှင်းလင်းရေးတွေ သူတို့ မလုပ်နိုင်ခဲ့ဘူး။ အခုအင်အားတွေ ဖြည့်တင်းလာတယ် လက်နက်ကြီးတွေလည်း ဖြည့်တင်းလာတယ်။ အခုလို ကင်းထောက်တာဟာ အရင်က ရပ်တန့်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ ဖြစ်နိုင်သလို တကယ်လို့ တိုက်ပွဲကြီးတွေ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နောက်တန်း ကျွန်တော်တို့ရဲ့ စခန်းဘက်ကို လည်း ဝင်ရောက်တိုက်ခိုက်ဖို့ ရဟတ်ယာဉ်နဲ့ အင်အားတွေချပြီး လေ ယာဉ်နဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်လာနိုင်တဲ့သဘောလို့ ကျွန်တော်ယူဆရတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီက ဟောင်ဝှစ်ဇာအမြောက်ကြီးတွေကို မွန်ပြည်နယ်ဘက် ပြောင်းရွှေ့သယ်ဆောင်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးတွေကိုလည်း ပြန်ဖြည့်နေသလို မြောက်ပိုင်းက စစ်ပန်းနေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ရေးနဲ့သံဖြူဇရပ်ဘက်မှာ အင်အားထပ်ဖြည့်ထားတာပါ။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို ညပိုင်းစစ်ဆင်ရေးတွေ လုပ်လာနိုင်ဖို့ စစ်ကောင်စီဘက်က အင်အားအထိုက်အလျောက်ဖြည့်ပြီး ကင်းထောက်နေတာဟာ မကြာခင် လျှပ်တပြက်ဝင်တိုက်ဖို့ စီစဉ်နေတယ်လို့ နိုင်နဂါးက ယူဆပါတယ်။

တစ်နိုင်ငံလုံးနီးပါးအနှံ့ မြေပြင်ထိုးစစ်တွေကို ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီတပ်အနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာနှောင်းပိုင်းကစပြီး မွန်ပြည်နယ်မှာ တန်ပြန်ထိုးစစ်တွေကို ရပ်တန့်ထားရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံ့တောင်ပိုင်း တနင်္သာရီအပါအဝင် ရခိုင်နဲ့ကချင်တို့မှာ ဒေသတွင်း တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မြေပြင်ထိုးစစ်တွေကို စစ်ကောင်စီက အပြင်းအထန်ရင်ဆိုင်နေရတာပါ။

ဒီအခြေအနေမှာ နယ်မြေစိုးမိုးမှုများစွာ ထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်မှာ လက်နက်ကိုင်တော် လှန်ရေး အင်အားစုတွေဘက်က တန်ပြန်ထိုးစစ်တွေ မဆင်နွှဲလာနိုင်ခင် စစ်ကောင်စီဘက်က လေ ယာဉ်နဲ့ ကင်းထောက်တာတွေအပြင် လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.