ဘီးလင်း၊ မေ ၂၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်သူဌေးကုန်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေထံက သိရပါတယ်။

မေ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ နတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃ ခြေ မြန်တပ်ရင်းကနေ ကဒီပုကျေးရွာနဲ့တောင်သူဌေးကုန်းကျေးရွာထဲကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ တောင်သူဌေးကုန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲကို မေ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကနေ နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြ၊ ဒေါက်ရပ်၊ အဝန်ကြီးအပါအဝင် ကျေးရွာ ၈ ရွာထက်မနည်း ဒေသခံပြည်သူ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုလအတွင်း ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင် ထိန်းချုပ်နယ်မြေက ကျေးရွာတွေဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.