ဘီးလင်း ၊ မေ ၂၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားနဲ့ မစောတံ တား မိုင်းခွဲခံရပြီးနောက် ရှောင်ကွင်းသွားရတဲ့လမ်းတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကားအစီးရေ ရာနဲ့ချီဆက်လက်ပိတ်မိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က မိုင်းခွဲခံရပြီးနောက် ကွန်ကရစ်တံတားအပြင် အ သစ်တည်ဆောက်ထားတဲ့ ဘေလီတံတားပါ ပြိုကျပျက်စီးခဲ့တာကြောင့် မေ ၁၇ ရက်နေ့မှာ တံတားအနီး မြေနီလမ်းဖောက်လုပ်ပြီး ကားကြီးကားသေးတွေကို ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

အဲဒီလမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးဆက်လက်ရွာသွန်းနေတာကြောင့် တံတားအနီးမြေနီလမ်း ဗွက်ထပြီး လမ်းချောတာ၊ နိမ့်ဆင်းလာတာတွေ ဖြစ်ပေါ်နေသလို ကျေးရွာချင်းဆက်လမ်းတွေမှာလည်း မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုတွေရှိတဲ့အတွက် ဖြတ်သန်းသွားလာဖို့ အခက်ကြုံနေရတာပါ။

ဒါ့အပြင် မစောတံတားအနီးရှိ ကျေးရွာချင်းဆက်လမ်းမှာလည်း ကားကြီးကားငယ် ဖြတ်သန်းမှုများပြီး မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးတာတွေ ဖြစ်ပေါ်နေသလို ကားတွေအတင်းတိုးဝင်ပြီး ကားတွေ ထပ်နေတာကြောင့် ကားအစီးရေ ရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ကျုံအိတ် မြေနီလမ်းကတော့ ရတော့ရတယ်။ အခုလောလောဆယ်တော့ တအားကြီးတော့ ဗွက်ပေါက်လောက်တဲ့ အနေအထား မဟုတ်ဘူး။ မိုးကလည်း ရွာနေတော့ လမ်းနည်းနည်း ပျက်တာပေါ့။ မစောလမ်းလည်း သွားလာမှုများတော့ ဒီလိုပဲ။ လက်ရှိတော့ နည်းနည်းဒုက္ခတော့ရောက်တာပေါ့။ လုံးလုံးသွားလို့မရတဲ့ အနေအထားတော့ မဟုတ်ဘူး။ သွားလို့တော့ ရနေတယ်။ နည်းနည်းကားကျပ်တာပေါ့။ တစ်စီးနဲ့တစ်စီး ဖြည်းဖြည်းချင်းတော့ သွားရတယ်”လို့ ဘီလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိတံတားတွေကို ရှောင်ကွင်းသွားတဲ့ ကျေးရွာချင်းဆက်လမ်းအနီး တိုက်ပွဲတွေ ဖြစ် ပွားနေတဲ့အတွက် ဖြတ်သန်းလို့ မရတာကြောင့် နာရီနဲ့ချီ စောင့်ဆိုင်းနေရပြီး ကားကျပ်မှု ပိုမို ဖြစ်ပေါ်နေရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ခရီးသွားပြည်သူတစ်ဦးကလည်း ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ မိုးရွာရင် မြေကြီးကျွံကျတာတွေရှိတဲ့အတွက် ဖြတ်သန်းလို့မရတာကြောင့် ခရီးသွားကားတွေ ဆက်လက်ပိတ်မိနေပြီး ညအိပ်သွားလာရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“လမ်းကြောင်း အခြေအနေကတော့ ကျွန်တော်တို့ ရှေ့မှာတင် ကားတွေက ပိတ်နေတာပေါ့။ သွားလို့ မရလို့ဖြစ်နေတယ်။ မိုးရွာရင်ဖြတ်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကအရှေ့အပေါ်ဘက်လမ်းလည်း မိုးရွာရင်မြေကြီးကျွံသွားရော။ အဲဒီတံတားကို ကွင်းဖို့နေရာတွေလေ။ မြေကြီးကျွံသွားရော ကားကြီးတွေလည်းမရဘူး။ တံတားဝန်နဲ့ရှိတဲ့ ကားရဲ့ဝန်နဲ့ဆို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် အခုလောလောဆယ် ဒီအရှေ့မှာတင် ပိတ်ကျပ်နေရော အခါတိုင်းမိုးမရွာခင်က ဟိုဖြတ်ဒီဖြတ်နဲ့ သွားလို့ရတာပေါ့။ မိုးရွာသွားတော့ အဲဒီလမ်းတွေလည်း ဝန်တွေကိုမခံနိုင်တော့ဘူးလေ”လို့ ဆိုပါတယ်။

ကျုုံအိတ်နဲ့မစောတံတားနှစ်စင်းကို ရှောင်ကွင်းသွားလာရတဲ့လမ်းတွေဟာ မိုးရွာသွန်းမှုကြောင့် သွားလာရ ခက်ခဲတဲ့အတွက် ဒေသတွင်းမှာ စက်သုံးဆီ ဖြတ်လပ်မှု ဖြစ်ပေါ်လာသလို ကုန်စည်စီးဆင်းမှုအပြင် ခရီးသွားလာမှုတွေကအစ ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာတာပါ။

တဖက်မှာတော့ စစ်ကောင်စီက အဲဒီတံတား နှစ်စင်းလုံးကို ယာယီဘေလီတံတားထိုးဖို့ လုပ်ဆောင်နေပေမယ့် ပြင်ဆင်မှု မပြီးစီးသေးတာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေတာပါ။

ဘီးလင်းမြို့နယ်က မိုင်းခွဲခံရတဲ့ တံတားနှစ်စင်းဟာ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စု ကားလမ်းမပေါ် မှာရှိပြီး တောင်ပိုင်း ဒေသဖြစ်တဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းတွေရဲ့ ကုန်သွယ်ရေးနဲ့ခရီးသွားလာမှုအတွက် အလွန်အရေးပါတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ/TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.