ဘီးလင်းမှာ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
49

ဘီးလင်း၊ ဧပြီ ၃၀

မွန်ပြည်နယ် ဘီးလင်မြို့နယ် ယက္ကန်းသည်မကျေးရွာမှာ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာခြံရဲ့ စိုက်ပျိုးရေးတာဝန်ခံလည်းဖြစ်တဲ့ လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် နေအိမ်ပြန်လာစဉ် အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင်ဟာ ဦးခေါင်းနောက်စေ့မှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကို ဘီးလင်းဆေးရုံထံ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ် လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဦးစင်းအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်က လာရောက်ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအဖွဲ့အစည်း ၃ ဖွဲ့ထက်မနည်း သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူတို့လုပ်ဆောင်တာ မဟုတ်ကြောင်း ပြန်လည်ဖြေကြားတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို အမည်မသိ သေနတ်သမားတွေက ရွာအဝင်လမ်းမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.