နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားပြီလို့ NUG ပြော

0
19

မော်လမြိုင်၊ မေ ၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်ရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီ ၃၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးနေဘုန်းလတ်က ထည့်သွင်းပြောကြားခဲ့တာပါ။

ဦးနေဘုန်းလတ်က သုံးနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာ နယ်စပ်ကုန်သွယ်ရေး ၅ မြို့အပါအဝင် မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါအပြင် အဓိကကျတဲ့ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ နေပြည်တော်၊ ပြင်ဦးလွင်၊ ကပစနဲ့ လက်နက်ထုတ်စက်ရုံ စတာတွေကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ပြီး ထိုးစစ်တွေကို စတင်ဖော်ဆောင်လာနိုင်တဲ့ အခြေအနေကိုရောက်နေပြီလို့ ဆိုပါတယ်။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်ထားတဲ့ ၆၀ ရာခိုင် နှုန်းကျော်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ စိုးမိုးထိန်းချုပ်နယ်နဲ့ ပတ်သက်ရင် အဓိကအနေနဲ့ နယ်မြေတွေကိုပြောရရင် စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေနဲ့ လွတ်မြောက်နယ်မြေပေါ့။ အခုဒီခြောက်ဆယ်ရာခိုင်နှုန်းဆိုတာက တော့ ဒီသုံးမျိုးလုံးကို ကျွန်တော်တို့က ခြုံငုံပြီးတော့ ဒါခြောက်ဆယ်ရာခိုင်နှုန်းကျော်တယ်ဆိုပြီး ပြောတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါအပြင် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ အပြင် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့တွေကို အဆင့်ဆင့်ဖွဲ့စည်းပြီး အုပ်ချုပ်နေတယ်လို့ ဦးနေဘုန်းလတ်က သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့တာပါ။

တစ်ဖက်မှာလည်း စစ်ရေးမဟာဗျူဟာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး C3C နဲ့ J2C စတဲ့ ကော်မတီတွေ ဖွဲ့ စည်းပြီး ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်ရင်းသား လက်နက်ကိုင်တော်လှန်ရေးအင် အားစု ပူးပေါင်းအဖွဲ့တွေဟာ မြို့နယ်ပေါင်း ၅၀ ထက်မနည်း သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တောကျီးကန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.