မြဝတီမြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ စစ်ကူပို့ဆောင်နေ

0
14

မြဝတီ၊ ဧပြီ ၃၀

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ တပ်အင်အားဖြည့်တင်းတာ၊ ရိက္ခာပို့ဆောင်တောတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧပြီ ၂၉ ရက်နေ့က စစ်ကောင်စီ လေယာဉ် ၂ စီးဟာ မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရှိနေတဲ့ ရှေ့တန်းရုံးထဲကို မနက် ၁၁ နာရီခွဲအချိန်က တစ်ကြိမ်၊ ညနေ ၄ နာရီကျော်အချိန်မှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်၊ တပ်အင်အားနဲ့ ရိက္ခာတွေ လာရောက်ချပေးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်လမ်းကြောင်းကနေ ရိက္ခာနဲ့ တပ်အင်အား ပို့ဆောင်လို့မရတဲ့အတွက် အခုလို ဝေဟင်ကနေ လေယာဉ်နဲ့ တပ်အင်အား၊ ရိက္ခာတွေကို လာရောက်ပို့ဆောင်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ မြဝတီမြို့မှာ တော် လှန်ရေး ပူးပေါင်းတပ်တွေက ဧပြီ ၂၁ ရက်နေ့ကစပြီး မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာသွားခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတာပါ။

တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်စင်းလုံးကို ဧပြီ ၃၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး တစ်လအတွင်း ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေပါ တယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ မြဝတီမြို့နဲ့ သင်္ဃန်းညီနောင်ဒေသတွေကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံအဆင့် အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပို့ဆောင်ထားပါတယ်။

ဒါပေမယ့် အဲဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်ပတ်ဝန်းကျင်နေရာမှာသာ ရောက်ရှိနေသေးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.