ထိုင်းရဲ့ မြန်မာ့အရေးဖြေရှင်းမယ့် အစီအစဉ် အာဆီယံအလှည့်ကြ ဥက္ကဋ္ဌ ထောက်ခံ

0
30

ဘန်ကောက်၊မေ ၁

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အာဆီယံ ၃ နိုင်ငံနဲ့အထက် အစည်း အဝေးကျင်းပရေး ထိုင်း အဆိုပြုချက်ကို လာအိုနိုင်ငံက ထောက်ခံကြိုဆိုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နီကွန်ဒိုင် ဘလန်ကူရာက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ ထိုင်းရဲ့အဆိုပြုချက်တွေနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့တာပါ။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ငြိမ်းချမ်းရေးကို ထောက်ခံအားပေးရေး ထိုင်းက ထပ်မံတိုက်တွန်းပြီး ပြဿနာပြေလည်စေရေး စစ်ကောင်စီနဲ့ ညှိနှိုင်းမယ့် ယန္တရားတွေကို ထိုင်းက အဆိုပြုထားတာဖြစ်ပါတယ်။

မိမိတို့ရဲ့ အဆိုပြုချက်ကို အလှည့်ကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုဆီ တင်ပြခဲ့တာဖြစ်တယ်လို့ နီကွန်ဒိုင်က ပြောခဲ့ပြီး အဆိုပြုချက်ကို လာအိုက ကြိုဆိုပြီး ထည့်သွင်းစဉ်းစားရမယ့်ကိစ္စအဖြစ် သတ်မှတ်ထားတယ်လို့ သူက ဆိုပါတယ်။

ထိုင်းအဆိုပြုထားတဲ့ အာဆီယံ ၃ နိုင်ငံအဖွဲ့မှာ ဥက္ကဋ္ဌဟောင်းနိုင်ငံ၊ လက်ရှိဥက္ကဋ္ဌ နိုင်ငံနဲ့ နောက် နှစ် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမယ့် အင်ဒိုနီးရှားတို့ ပါဝင်တယ်လို့သိရပါတယ်။

အဲဒီသုံးနိုင်ငံအပြင် မြန်မာပြဿနာကို စိုးရိမ်နေတဲ့ နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ပါဝင် ကူညီပေးလိုတဲ့ နိုင်ငံတွေကိုလည်း ဖိတ်ခေါ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲ့ အစီအစဉ်ကို အာဆီယံအဖွဲ့အတွင်း ဆွေးနွေးနေတာတော့ မရှိသေးပေမယ့် လာအိုနိုင်ငံက အစည်းအဝေးကျင်းပရေး ဦးဆောင်ရမှာဖြစ်တယ်လို့ နီကွန်ဒိုင်က အသိပေးထားပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.