မြဝတီ၊ ဧပြီ ၅
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ဧပြီ ၄ ရက် မ နက်အစောပိုင်းကစပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ရဲ့ စစ်ရေးတိုက်ပွဲတွေဟာ ဧပြီ ၄ ရက်နေ့အထိ တစ်လနီးပါးကြာ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဧပြီ ၃ ရက်နေ့က သင်္ဃန်းညီနောင်အနီး ဝှေ့ရှမ်းရွာ၊ ဧပြီ ၄ ရက်နေ့က ဝှေ့ရှမ်းရွာနဲ့ ဇရပ်ဖြူကုန်းရွာကြားကို စစ်ကောင်စီတပ်က လေယာဉ်ပေါ်ကနေ ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့သလို သင်္ဃန်းညီနောင်ဝန်းကျင်နေရာတွေကိုလည်း လက်နက်ကြီးနဲ့ အပြင်းအထန်ပစ်ခတ်နေတယ်လို့ ဒေသံသတင်းရင်း မြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းစတဲ့ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေရဲ့ အိုးအိမ်အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ပြည်သူနေအိမ်တွေကို လိုက်လံမီးရှို့နေပြီး မီးလောင်ဗုံးတွေကိုလည်း လေ ယာဉ်နဲ့ ဒရုန်းကနေကြဲချခဲ့တဲ့အတွက် အိုးအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ က ထုတ်ပြန်အသိပေးထားပါတယ်။
သင်္ဃန်းညီနောင်နဲ့ ဝှေ့ရှမ်းကျေးရွာချင်းဆက် လမ်းမအနီးရှိ စစ်ကောင်စီတပ်ရင်း ၃၅၇ နဲ့ ဗျူဟာကုန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်နေသလို သင်္ဃန်းညီနောင်ကို စစ်ကူလာတဲ့ စစ်ကြောင်းတွေနဲ့လည်း ထိတွေ့မှုဖြစ်တဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
တစ်လနီးပါးကြာတဲ့ သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ ၃၅၅၊ ခမရ ၃၅၆ တပ် ရင်းဌာနချုပ် ၂ ရင်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေတဲ့ ခမရ ၃၅၇ တပ်ရင်းနဲ့ ဗျူဟာကုန်းအား ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးရတာနဲ့ အများအပြား ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၁၀၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

