မိုးခေါင်ရေရှားမှုကြောင့် ဇင်ဘာဘွေနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာ

0
31

ဟာရေးရေး၊ဧပြီ ၅

ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားအဆင့် သဘာဝဘေးအဖြစ် သမ္မတ အီမာဆင် အမ်နမ်ဂါဝါက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါ တယ်။

ပြောင်းစိုက်ပျိုးမှု ထက်ဝက်လောက် ပျက်စီးသွားခဲ့တဲ့မိုးခေါင်ရေရှားဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ အစာရေစာ ရှားပါးမှုကို တိုက်ဖျက်ရေး မိမိတို့နိုင်ငံအနေနဲ့ ဒေါ်လာ ၂ ဘီလျံလိုအပ်နေ တယ်လို့ သမ္မတက ဆိုထားပါတယ်။

ပဲ၊ပြောင်းနဲ့ဆန်ရှားပါးမှုကြောင့် စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာနေပြီး လူဦးရေ ၂ ဒသမ ၇ သန်းဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး အိမ်နီးချင်း မာလာဝီနိုင်ငံမှာလည်း မိုးခေါင်ရေရှားမှု ကြောင့် မကြာသေးခင်က အရေးပေါ် အခြေအနေကြေညာခဲ့ရတယ်လို့ သိရပါတယ်။

တောင်အာဖရိကတဝှမ်း ဖြစ်ပေါ်နေတဲ့ မိုးခေါင်ရေရှားမှုဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးဖြစ်လာမှာကို တချို့က စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်းအဖွဲ့က ဒေသတွင်း လူပေါင်း ၁၃ ဒသမ ၆ သန်းဟာ စားနပ်ရိက္ခာမဖူလုံတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းနိုင်ငံတွေဟာ ပြောင်းဖူးလုံလုံလောက်လောက်ရရှိဖို့ နိုင်ငံတကာဈေးကွက်မှာ ရှာဖွေနေရပြီး အခုချိန်မှာ ဇင်ဘာဘွေလည်း အဲဒီနိုင်ငံတွေထဲ ပါဝင်လာတာပါ။

ဒါ့အပြင် အယ်လ်နီညိုရာသီဥတုကြောင့် မိုးမရွာတဲ့အတွက် ရေအားလျှပ်စစ်ကို အားကိုးနေရတဲ့ ဇင်ဘာဘွေနိုင်ငံသားတွေဟာ လျှပ်စစ်ဓာတ်အားပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

တချိန်က အာဖရိကတောင်ပိုင်းရဲ့ အဓိကအစားအစာထုတ်လုပ်တဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် မကြာသေးခင်နှစ်တွေအတွင်း မိုးခေါင်ရေရှားမှုဖြစ်စဉ် ပိုပြီးပြင်းထန်လာတာကြောင့် ဇင်ဘာဘွေဟာ စိုက်ခင်းတွေနဲ့ မွေးမြူရေး တိရိစ္ဆာန်များစွာ ဆုံးရှုံးခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကလည်း အဆိုးရွားဆုံး မိုးခေါင်ရေရှားဖြစ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး နိုင်ငံတွင်းက ကျွဲ၊နွားကောင်ရေ ထက်ဝက်လောက်သေဆုံးခဲ့ရပါသေးတယ်။

အစားအစာဈေးနှုန်းမြင့်တက်မှုကြောင့် ဇင်ဘာဘွေသားတွေဟာ ငွေကြေးဖောင်းပွမှုနဲ့လည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.