စစ်ကောင်စီရဲ့ ရန်အောင်မြင်စခန်းကို AA အပြီးသတ်သိမ်းယူ

0
27

မောင်တော၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ရန်အောင်မြင်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မတ် ၂၄ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို AA က အပြီးသတ်သိမ်းယူနိုင်ရေးအတွက် အရှိန်အဟုန့်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကြိမ်ချောင်းစခန်းအား အစိတ်အပိုင်းတစ်ခုအထိ သိမ်းပိုက်ရယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြိမ်ချောင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အတောတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကို မတ် ၂၃ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် မောင်တောမြို့ တမန်းသားစခန်းကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းနေတယ်လို့ အသိပေးထားပါတယ်။

စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သား အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အပြစ်မဲ့ အရပ်သားပြည်သူ အပါအဝင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြည်သူလူထုအား နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ထိုက်သင့်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ လက်စားချေတုံ့ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.