Move Forward ပါတီရဲ့ တော်ဝင်ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှု ရပ်တန့်ဖို့ ထိုင်းတရားရုံး အမိန့်ချ

0
58

ဘန်ကောက်၊ ဇန်နဝါရီ ၃၁

ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှုတွေ အားလုံးရပ်တန့်ဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို အမိန့်ချလိုက်ပါတယ်။

MFP နဲ့ ခေါင်းဆောင် ဖိထာတို့ရဲ့ ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို ဖြုတ်သိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တရားသူကြီး ၉ ဦးလုံးက ဆုံးဖြတ်ခဲ့တာပါ။

ထိုင်းလူထုကြား ရေပန်းစားခဲ့တဲ့ ရွေးကောက်ပွဲအနိုင်ရ MFP ပါတီဟာ တော်ဝင်မိသားစု ဆန့်ကျင်သူတွေကို ပစ်မှတ်ထားဖို့ အသုံးချနေတဲ့ ဥပဒေပြောင်းလဲရေး မဲဆွယ်မှုနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တော်ဝင်မိသားစုကို အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပြုသူတွေအပေါ်ရော သက်ရောက်မှုရှိသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တော်ဝင်မိသားစုကို အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြောင်းလဲဖို့ ကြိုးပမ်းတာဟာ ဘုရင်ကို နိုင်ငံနဲ့ သီးခြားဖြစ်သွားအောင် ကြိုးပမ်းမှုဖြစ်ပြီး နိုင်ငံတော် လုံခြုံရေးအတွက် သိသာတဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ တရားရုံးက ဆိုပါတယ်။

ဒါပေမယ့် တရားသူကြီး ၉ ဦးပါဝင်တဲ့အဖွဲ့က MFP ပါတီကို အပြစ်ပေးဖို့အတွက် လွှဲပြောင်းပေးတာမျိုး မရှိသေးပေမယ့် ပါတီဖျက်သိမ်းရေးနဲ့ ပါတီခေါင်းဆောင်တွေကို နိုင်ငံရေးလောကကနေ တားမြစ်ရေး ဥပဒေအရ ဆောင်ရွက်မှုတွေ စတင်နိုင်တော့မှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက အဆိုးရွားဆုံး အခြေအနေတစ်ခုအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ့် အဆိုလက်မှတ်ထိုးခဲ့ကြတဲ့ ပါတီခေါင်းဆောင် ဖိထာအပါအဝင် အတိုက်အခံပါတီရဲ့ လွှတ်တော်အမတ် ၄၄ ဦးလုံး လွှတ်တော်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုအတွက် နိုင်ငံရေးလောကကနေ ရာသက်ပန် တားမြစ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၁၁၂ ဟာ ဘုရင်၊မိဖုရားနဲ့ ထီးနန်းအမွေခံကို စော်ကားမှုအတွက် ထောင် ၃ နှစ်ကနေ ၁၅ နှစ်အထိချမှတ်နိုင်တယ်လို့ သိရပြီး MFP ပါတီ ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့အချက်တွေမှာတော့ ချမှတ်ထားတဲ့ ထောင်ဒဏ်ကို လျှော့ပေါ့ရေး၊ နန်းတော်ကပဲ စွဲချက်တင်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။

အဲဒီဥပဒေကို အသုံးချပြီး ဘယ်သူ့ကိုမဆို အမှုဖွင့်တိုင်ကြားနိုင်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ သတ်မှတ်ထားတဲ့အတွက် ပြင်ဆင်ဖို့ နိုင်ငံရေးပါတီတွေက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ MFP ပါတီဟာ တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ဥပဒေအဖွဲ့နဲ့ ဆွေးနွေးနေပြီး မကြာခင်တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.