အလုံးစုံအောင်ပွဲမရဘဲ အစ္စရေးတပ်တွေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ နေတန်ယာဟု ပြော

0
60

ဂါဇာ၊ ဖေဖော်ဝါရီ ၁

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ ဂါဇာမှာ အလုံးစုံအောင်ပွဲမရသေးဘဲ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ကြားခံညှိနှိုင်းပေးသူတွေက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့ဆီ တင်ပြထားတာပါ။

ဒါဟာ ပထမအကြိမ် အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားပြီး နောက်ပိုင်း အလေးနက်ဆုံး ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

အစ္စရေးရဲ့ မြေပြင်ဝေဟင်ထိုးစစ်ဆင်မှုတွေကြောင့် ဂါဇာမှာ အဆောက်အဦး ၇၀ ရာခိုင်နှုန်း ကျော် ပျက်စီးသွားပြီး ပါလက်စတိုင်းသား ၂၆၀၀၀ ကျော်သေဆုံးထားတယ်လို့ သိရပါတယ်။

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေပေးပို့နိုင်ရေး ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် အစ္စရေးမဟာမိတ်တွေက ဖိအားပေးနေပေမယ့် နေတန်ယာဟုကတော့ အလုံးစုံ အောင်ပွဲမရခင် ဂါဇာရှိ အစ္စရေး တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာမှာ မဟုတ်ဘူးလို့ ထပ်မံပြောဆိုခဲ့ တာပါ။

အစ္စရေးစစ်သားတွေဟာ အမျိုးသမီးတွေ၊ဆေးဝန်ထမ်းတွေ၊ဆရာဝန်တွေ အဖြစ်ရုပ်ဖျက်ပြီး အနောက်ဘက် ကမ်းခြေဒေသရှိ ဆေးရုံတစ်ခုကို ဝင်ရောက်စီးနင်းတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ် လာတာကြောင့် အစ္စရေးအပေါ် ဖိအားတွေပိုများလာတာဖြစ်တယ်လို့ သိရပါတယ်။

အပစ်ရပ်ရေး အဆိုပြုချက်ကိုလေ့လာနေတဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ဟာနီယာက မိမိတို့ရဲ့ ဦးစားပေးကိစ္စဟာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေ အဆုံးသတ်ရေးနဲ့ အပြီးသတ် ဆုတ်ခွာရေး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ ပြင်သစ်နိုင်ငံပါရီမြို့မှာ အစ္စရေး၊အမေရိကန်၊အီဂျစ် ထောက်လှမ်းရေးအကြီးအကဲတွေနဲ့ ကာတာဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အနောက်ဘက်ကမ်းခြေဒေသကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နေတန်ယာဟုက အလုံးစုံ အောင်ပွဲမဟုတ်ဘဲ ဘာတစ်ခုမှ ညှိနှိုင်းသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

နေတန်ယာဟုရဲ့ ပြောဆိုမှုတွေမှာတော့ ပါရီမြို့ဆွေးနွေးပွဲရလဒ်ကို အလေးမထားသလို အစ္စရေး အကျဉ်းသားတွေရဲ့ အသက်တွေကိုလည်း အလေးမထားဘူးဆိုတာ ဖော်ပြနေတယ်လို့ ဟားမတ်စ် အရာရှိတစ်ဦးက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.