အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့ အီရန် သတိပေး

0
80

တီဟီရန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်က မိမိတို့မြေပေါ်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် အနီရောင်စည်းကျော်တာလို့ သတ်မှတ်ပြီး အရှေ့အလယ်ပိုင်းဒေသတဝှမ်းမှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်အစိုးရက သတိပေးလိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်စစ်စခန်းတစ်ခုကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန် စစ်သား ၃ ဦးသေဆုံးခဲ့ရပြီးနောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မိမိအနေနဲ့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ဆိုထားပါတယ်။

အမေရိကန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဟာ လာမယ့်ရက်ပိုင်းအတွင်းဖြစ်လာနိုင်ပြီး ပစ်မှတ်အများကြီးကို တိုက်ခိုက်နိုင်တယ်လို့ အမေရိကန်အရာရှိတချို့က ဆိုထားတာပါ။

အီရန်နယ်နိမိတ်ကို တိုက်ခိုက်လာမယ်ဆိုပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အီရန်အစိုးရက ကြားခံပုဂ္ဂိုလ်တွေကတဆင့် သတိပေးထားတယ်လို့ The Guardian သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဘိုင်ဒန်နဲ့ သူ့ရဲ့အဖွဲ့က တင်းမာမှုအရှိန်မြင့်တက်လာနိုင်တဲ့ အခြေအနေကို ရှောင်ရှားဖို့ ကြိုးပမ်းနေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

အထူးသဖြင့် ရွေးကောက်ပွဲကျင်းပဖို့ရှိနေတဲ့ နှစ်မှာ နောက်ထပ်စစ်ပွဲ တစ်ပွဲပေါ်ပေါက်လာမှာကို ဘိုင်ဒန်အစိုးရက အလိုမရှိနေသလို အမေရိကန်စစ်သား ၃ ဦးသေဆုံးရမှုအတွက် လက်တုံ့ပြန်ရေး ဘိုင်ဒန်အပေါ်မှာ ဖိအားတွေရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မိမိတို့ တပ်ဖွဲ့ဝင်တွေ သေဆုံးရမှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းသွားမှာဖြစ်ပြီး မိမိတို့ရဲ့ လက်တုံ့ပြန်မှုဟာ တစ်ကြိမ်တည်းမဟုတ်ဘဲ အများကြီး ဖြစ်နိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ သတိပေးထားတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက အစ္စရေးကို ဟားမတ်စ်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း အီရတ်၊ဆီးရီးယားနဲ့ ဂျော်ဒန်အခြေစိုက် အမေရိကန်စစ်စခန်းတွေဟာ အကြိမ် ၁၆၀ ကျော်တိုက်ခိုက်ခံထားရပြီး ဇန်နဝါရီ ၂၈ ရက်နေ့မှာ သေဆုံးမှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ကတော့ လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ ဒရုန်းထုတ်လုပ်ရေး စက်ရုံတွေ၊လက်နက် သိုလှောင်ရုံတွေကို တိုက်ခိုက်လာနိုင်တယ်လို့ အရာရှိတစ်ဦးက ဆိုပါတယ်။

အီရန်က အမေရိကန်စစ်သားတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆိုထားပေမယ့် အီရန်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ သူတို့လက်ချက်ဆိုပြီး ဝန်ခံထားတာပါ။

Ref: Dailymail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.