သံဖြူဇရပ်က ရဲစခန်းနှစ်ခု တစ်ပြိုင်တည်း တိုက်ခိုက်ခံရ၊စစ်တပ် လေကြောင်းအသုံးပြုတိုက်ခိုက်နေ

0
75

သံဖြူဇရပ်၊ ဇန်နဝါရီ ၃၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနဲ့ ထင်းရှုးကျေးရွာရှိ ရဲစခန်းနှစ်ခုကို ဒီကနေ့ မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ အဲဒီရဲစခန်းနှစ်ခုကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်  ၆ နာရီအချိန်ခန့်ကစပြီး သံဖြူဇရပ်မြို့နယ် ပကဖနဲ့ တောင်ညိုပြည်သူ့ပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း မနက် ၉ နာရီအချိန်ခန့်မှာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး သံဖြူဇရပ်နဲ့ရေးမြို့နယ်အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

“အနင်းမှာ အရင်ဖြစ်တာ ပြီးမှထင်းရှုးဘက်က ထပ်ဖြစ်တာ။ PDF တွေဘက်က အင်အားများတော့ စကစဘက်က လေကြောင်းပစ်ကူခေါ်တာ၊ Mi 35 တစ်စီးကတော့ လှည့်ပတ်ပစ်သွားတယ်။ အရပ်သားထိခိုက်တာ ရှိနေတယ်လို့ ကြားရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ နေ့လည် ၁၂ နာရီအချိန်အထိ ပစ်ခတ်သံတွေ ကြားနေရပြီး ကျေးရွာအတွင်း ဒေသခံပြည်သူတွေလည်း ပိတ်မိတာတွေ ရှိနေသလို တချို့ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးမှုတချို့ ရှိနေပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့  ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.