ကရင့်လက်နက်ကိုင်တပ်တွေ ပြန်လည်ပေါင်းစည်းဖို့ KNU ဥက္ကဌ တိုက်တွန်း

0
59

ဘားအံ၊ ဇန်နဝါရီ ၃၁

ကရင်တမျိုးသားလုံးရဲ့ လိုလားချက်နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အပေါ်မှာ အခြေတည်ပြီး ကရင်အမျိုးသားရေးအတွက် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတိုင်း ပြန်လည်ပေါင်းစည်းညီညွတ်ကြဖို့ KNU ဥက္ကဌ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် မိန့်ခွန်းပြောကြားစဉ် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းခဲ့တာပါ။

KNU ဥက္ကဌက ကရင့်သမိုင်းတစ်လျှောက်လုံးမှာ ကရင်လူမျိုးတွေဟာ လူမျိုးဖြစ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အသွင်သဏ္ဍာန်အမျိုးမျိုးကို ခြိမ်းခြောက်နေတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်တွေ တိုင်းပြည်အတွင်းမှာ ရှိနေသရွေ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု မရရှိနိုင်ဘဲ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားပြည်သူလူထုအားလုံးအနေနဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အတူတကွ လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ဒီနေ့ဒီအချိန်မှာလည်း မဟာလူမျိုးကြီုးဝါဒကို စွဲကိုင်ထားပြီး စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် လမ်းစဉ်ကို ကျင့်သုံးနေတဲ့ စစ်အာဏာရှင်အုပ်စုနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဝါဒတွေ မပျက်သုဉ်းသရွေ့ ကျွန်တော်တို့လူမျိုးရဲ့ ဖြစ်တည်ရှင်သန်မှုနဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးတွေ ရရှိလာမှာ မဟုတ်ပါဘူး။ ဒီဝါဒတွေ ဒီတိုင်းပြည်မှာ ရှိနေသရွေ့ ငြိမ်းချမ်းရေး မရရှိနိုင်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါဘူး” လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူမျိုးတွေ ပြည်သူပြည်သားတို့ရဲ့ အဖွဲ့အစည်းတွေနဲ့အတူ ကဏ္ဍအလိုက် နည်းမှန်လမ်းမှန်နဲ့ ပကတိအရှိတရားနဲ့ ကိုက်ညီစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ KNU ဥက္ကဌက တိုက်တွန်းတောင်းဆိုထားပါတယ်။

ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ကရင်နယ်ခြားစောင့်တပ်BGF တို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တပ်အင်အား ၁၀၀၀၀ ကျော်ရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU က တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး DKBA နဲ့ KNU/KNLA-PC တို့ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.