ရခိုင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို AA အပြီးသတ်သိမ်းပိုက်

0
63

မော်လမြိုင်၊ ဇန်နဝါရီ ၃၁

စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားကနေ ရခိုင်ပြည်နယ် ကျောက်တောနဲ့မင်းပြားမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ကျောက်တော်အခြေစိုက် ခမရ ၃၇၄ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားကနေ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် မင်းပြားမြို့အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကိုလည်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေတဲ့ကြားကနေ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ရင်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ရမ်းဗြဲမြို့မှာတော့ အခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ AA က ဆိုပါတယ်။

ကျောက်တော်နဲ့မင်းပြားမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.