ရော်ဘာအဆင့်မြင့်ထုတ်ကုန်တွေ မဖြစ်မနေထုတ်လုပ်ကြဖို့ စစ်ခေါင်းဆောင်ဖိအားပေး

မော်လမြိုင်၊ နိုဝင်ဘာ ၁၁

ဒေါ်လာလိုအပ်ချက် သက်သာစေဖို့အတွက် ပြည်တွင်းမှာ ရော်ဘာအဆင့်မြင့်ထုတ်ကုန်တွေ မဖြစ်မနေထုတ်လုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိအားပေးပြောဆိုလာပါတယ်။

ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာရော်ဘာဖိုရမ်-၂၀၂၃ မှာ စစ်ခေါင်းဆောင်က ဖိအားပေးလာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ပြည်ပမှ ရော်ဘာထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ စက်ဘီး၊ ကားနဲ့ဆိုင်ကယ်တာ ယာတွေ၊ ကျွတ်တွေကို နှစ်စဉ်အမေရိကန် ဒေါ်လာ ၆၅ သန်းနီးပါး တင်သွင်းနေရတာကြောင့် ပြည်တွင်းမှာ အဆင့်မြင့်ထုတ်ကုန်ပစ္စည်းတွေ မဖြစ်မနေထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရော်ဘာအဆင့်မြင့်ထုတ်ကုန်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပါက ပြည်တွင်းရော်ဘာ ဈေးကွက်ရရှိလာမှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်အပြင် နိုင်ငံခြားငွေသုံးစွဲမှုတွေကိုပါလျှော့ချနိုင်တဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ခေါင်ဆောင်က ရော်ဘာထုတ်ကုန်တွေကို မဖြစ်မနေ ထုတ်ခိုင်းနေပေမယ့် လက်တွေ့မှာ အခြေခံအဆောက်အဦးတွေကအစ လိုအပ်‌နေသလို လျှပ်စစ်မီးရရှိမှုမမှန်တာနဲ့ ဓာတုဗေဒပစ္စည်းတွေတင်သွင်းမှု အခက်အခဲတွေကြောင့်လည်း မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“လက်ရှိအနေအထားမှာ အခြေခံအဆောက်အဦးတွေက တော်တော်တည်ဆောက်ရမှာဗျ။ လျှပ်စစ်မီးရော၊ စက်ရုံလို့ပြောလိုက်တဲ့အချိန်မှာ တာယာအပြင် ဓာတုဗေဒပစ္စည်းတွေ အများကြီးလိုအပ်တယ်ဗျ။ အဲဒီဓာတုဗေဒပစ္စည်းတွေက လက်ရှိအနေအထားမှာ ကျွန်တော်တို့ကတင်သွင်းဖို့ နည်းနည်းလေးအခက်အခဲရှိတဲ့အခါ တာယာကို ဒီလိုမျိုးထုတ်ကုန်အဖြစ်သွားနိုင်ဖို့ဆိုလို့ရှိရင်တော့ အခက်အခဲရှိသေးတယ်လို့ မြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ရော်ဘာအဆင့်မြင့်ထုတ်ကုန် ထုတ်လုပ်ဖို့အတွက်ဆိုရင် မူဝါဒပိုင်းဆိုင်ရာတွေကအစ ပြင်ဆင်ဖို့လိုအပ်သလို ကုန်ချောထုတ်လုပ်ဖို့အတွက် စက်ပိုင်းဆိုင်ရာတွေအပြင် ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးပိုင်းဆိုင်ရာတွေကအစ အများကြီးလိုအပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း စစ်ခေါင်ဆောင်ရဲ့ ဖိအားပေးမှုဟာ လက်ရှိအခြေအနေအရ မဖြစ်နိုင်သလို အရင်ကရော်ဘာထုတ်ကုန်တွေ ထုတ်လုပ်ပေမယ့် ဈေးကွက်မှာ ဈေးနှုန်းမရတာကြောင့် လက်တွေ့မကျဘူးလို့ ပြောပါတယ်။

“လက်ရှိအခြေအနေက ပြောရင်တော့ မဖြစ်နိုင်ဘူး။ ကုန်ချောထုတ်ဖို့အတွက် အခြေခံအဆောက်အဦလိုတယ်လေ။ လျှပ်စစ်မီးမရဘဲနဲ့တော့ ဒီဟာထုတ်ကုန်လုပ်ငန်းတစ်ခုကို ဘယ်လိုလည်မှာလဲ။ တာယာတို့ ကျွတ်တို့ဆိုတာလေ ထုတ်နေတာကြာပြီ။ ဒါပေမယ့်ဈေးကွက်ထဲကို သွားရောင်းလို့ရှိရင် တခြားရသလို မပေးဘူး။ မြန်မာလုပ်ဆိုပြီးတော့ ဈေးကမရဘူး။ လူကြီးတွေက ကိုယ့်နိုင်ငံမှာထုတ်နိုင်ရင် သူများနိုင်ငံကဟာ ဝယ်စရာမလိုဘူး။ အပြင်ကို ဒေါ်လာမထွက်ဘူးပေါ့ဗျာ။ မဖြစ်မနေထုတ်ဖို့ဆိုတာ ဘယ်သူရင်းနှီးမလဲ။ ပိုက်ဆံဘယ်ကပေးမလဲ။ အဲဒီစကြားပြောတဲ့သူက အဲဒီလိုလုပ်ရမှာ။ သူတို့ထင်တာက ရော်ဘာပေါပေါရလို့လုပ်ရင် ပစ္စည်းထွက်ဖို့ကအများကြီး သူ့ထဲကိုထည့်ရသေးတယ်။ ဓာတုဗေဒပစ္စည်းတွေ ဘာညာပေါ့နော်။ အဲဒီဟာ ကိုယ့်ဆီမှာတစ်ခုမှ မရှိဘူးလေ”လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ရော်ဘာအဆင့်မြင့်ထုတ်ကုန်တွေ ထုတ်လုပ်မယ်ဆိုပါကလည်း သတ်မှတ်ထားတဲ့ နိုင်ငံတကာအရည်အသွေး စံချိန်စံညွှန်းမှီဖို့လိုသလို ဈေးကွက်ဝင်ဖို့လည်း အများကြီးလုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ဒီကာလမှာ မဖြစ်နိုင်သေးဘူးလို့ ရော်ဘာလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်က ရော်ဘာဟာ နိုင်ငံခြားငွေရရှိရေးအတွက် အရေးပါတဲ့စက်မှုသီးနှံဖြစ်တာကြောင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဦးစားပေးပို့ကုန်အမယ်ဖြစ်သလို ရော်ဘာစတင်စိုက်ပျိုးမှုမှစပြီး ရော်ဘာပြားထုတ်လုပ်တာတွေ၊ ကုန်ချောထုတ်လုပ်တာတွေကအစ ဖွံဖြိုးတိုးတက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရော်ဘာကိုတိုင်းနဲ့ပြည်နယ် ၉ ခုမှာ စိုက်ပျိုးဧက ၁ ဒသမ ၆၄ သန်း စိုက်ပျိုးထားပြီး အစေးခြစ် ဧက ၁ သန်းနီးပါးရှိကာ နှစ်စဉ်ရော်ဘာတန်ချိန် ၃ သိန်းကျော် ထွက်ရှိနေတယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထွက်ရှိလာတဲ့ ရော်ဘာတွေကို ပြည်တွင်းမှာ တန်ချိန်နှစ်သောင်းကျော် အသုံးပြုကာ ကျန်ရော်ဘာတန်ချိန် ၃ သိန်းနီးပါးကို ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းနေတာဖြစ်ပြီး ရော်ဘာကဏ္ဍကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကနေ ၄၅၀ အထိ ရရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.