ကျိုက်မရော၊ နိုဝင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲမှာ အရပ်သားထောင်နဲ့ချီပိတ်မိနေသလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး ချောင်းနှစ်ခွကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲအတွင်း မနက် ၉ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ တိုက်ခိုက်ရေး လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်သွားသလို မုဒုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်ကလည်း လက်နက်ကြီး အဆက်မပြတ်ပစ်ကူပေးနေတာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် လူဦးရေ ၄၀၀၀ ကျော်နေထိုင်တဲ့ ချောင်းနှစ်ခွကျေးရွာဒေသခံတွေဟာ တိုက်ပွဲအတွင်းပိတ်မိနေပြီး နေအိမ်အတွင်း ပုန်းခိုနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ချောင်းနှစ်ခွကျေးရွာတိုက်ပွဲဟာ ဒီနေ့ ညနေ ၅ နာရီခွဲအချိန်အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီကလည်း မုဒုံမြို့နယ်ကနေ စစ်ကူတွေဆက်တိုက်လွှတ်ပေးနေတယ်လို့ မြေပြင်တော်လှန် ရေးအင်အားစုတွေထံက သိရပါတယ်။
သံလွင်တိုင်းမ်က ကနဦးရရှိထားတဲ့အချက်အလက်တွေအရ ချောင်းနှစ်ခွတိုက်ပွဲကြောင့် ဒေသခံအမျိုးသားတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိထားသလို နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပြီး မွေးမြူရေးဝက်တွေလည်း သေဆုံးတာတွေ ရှိနေပါတယ်။
ချောင်းနှစ်ခွတိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ကျိုက်မရော-ကြာအင်းဆိပ်ကြီးကားလမ်း အသုံးမပြုကြဖို့ ဒေသခံတွေက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

