ပျက်မယ်ဆိုရင်တောင် စစ်အုပ်စုပဲပျက်စီးသွားမှာပါ။ နိုင်ငံတော်က လုံးဝပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို ပြန်လည် ထူထောင်နေတာပါ”

ညီနောင်မဟာမိတ်သုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းကုန်းဆုံးမှ ခေါ်ယူလေ့ရှိတဲ့ အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးကို နိုဝင် ဘာ ၈ ရက်နေ့မှာ ခေါ်ယူကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကိုးကန့်အဖွဲ့ MNDAA ဟာ မူးယစ်ဆေးဝါးကနေ ရရှိလာတဲ့ အကျိုးမြတ်တွေကို အသုံးချပြီး သြဇာအာဏာ တည်ဆောက်လိုတဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း စွပ်စွဲခဲ့သလို လိုအပ်တဲ့ တုံ့ပြန်မှု ဆောင်ရွက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်ချက်၊ လက်ရှိစစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး စစ်ခေါင်းဆောင်က ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ မူးယစ်ဆေးဝါးနဲ့ အာဏာရလိုမှုကြောင့် ဖြစ်တယ်လို့ ပြောလာတာ တွေ့ရပါတယ်။ ပြီးတော့ ကိုးကန့်အဖွဲ့ဟာ အွန်လိုင်းငွေလိမ် လုပ်ငန်း(ကျားဖျန်)မှာလည်း ပါဝင်နေတယ်လို့ စွပ်စွဲချက်အပေါ် MNDAA အနေနဲ့ ဘာများ တုံ့ပြန်ချင်လဲ။

လီကျာဝင်း – ဒီမူးယစ်ဆေးဝါးနဲ့ပက်သက်ပြီး စွပ်စွဲတဲ့အပေါ် ကျွန်တော်တို့ အထူးဒေသ၁အနေနဲ့ ဟိုး၂၀၀၀ခုနှစ် လောက်တည်းက ကျွန်တော်တို့ဥက္ကဌ ဦးဖုန်ကျားရှင်ဦးဆောင်မှုအောက်မှာ ဒီမူးယစ်ဆေးဝါးကို လုံးဝအရှင်းလင်း တိုက်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒါကလည်း သမိုင်းဝင်ဖြစ်ပါတယ်။ ဒီ၂၀၀၀ခုနှစ်မှာ မူးယစ်ဆေးဝါးလုံးဝ ကင်း ရှင်းအောင် တိုက်ဖျက်နိုင်ခဲ့ပြီး လက်ဖက်ခြောက်၊ ကြံတို့ကို အစားထိုးစိုက်ပျိုး နိုင်ခဲ့တယ်။ အခုကျမှ သူတို့ကမူး ယစ်ဆေးဝါးရရှိတဲ့ ဝင်ငွေ နဲ့ လာပြီး ကျွန်တော်တို့ကို စွပ်စွဲတော့ တစ်ခုနားမလည်တာက လက်ရှိအဲဒီဒေသမှာ မူးယစ်ဆေးတွေ ရှိနေတုန်းပဲလား။

အကယ်၍ မူးယစ်ဆေးဝါးရှိနေတယ်ဆိုရင် အဲဒီနားမှာရှိနေတဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေက မူးယစ်ဆေးဝါးလုပ် နေတဲ့ သဘောပေါ့။ ကိုးကန့်ရုပ်သေးအဖွဲ့တွေက မူးယစ်ဆေးဝါး ထုတ်နေတယ်ဆိုရင် စစ်ကောင်စီရဲ့ ထောက် ပံ့မှုမရှိပဲ သူတို့ဘယ်လိုထုတ်နိုင်မလဲ။ တကယ့်အဲဒီဝင်ငွေတွေက ဘယ်သူ့ဆီရောက်သွားတာလဲဆိုတာကိုတော့ တစ်ချက်လောက် ပြန်စဉ်းစားရမယ်ပေါ့။ နောက်ပြီး ကျားဖြန့်အွန်လိုင်းဂိမ်းတွေ ရှင်းရှင်းပြောရရင် တစ်နိုင်ငံလုံး အသိပါပေါ့။ ကျားဖြန့်အွန်လိုင်းဂိမ်းက လောက်ကိုင်မှာ အများဆုံးဖြစ်နေတယ်။ အခုသူတို့လူတွေကို ပြန်ပို့ တာတို့၊ တိုက်ဖျက်နေတယ်ဆိုတာက ကျွန်တော်တို့ စစ်ဆင်ရေးဖော်ဆောင်ပြီးမှ ဖြစ်လာတဲ့ကိစ္စ။ ဟိုးနဂိုတည်း ကဆို တိုက်ဖျက်တာ လုံးဝမရှိခဲ့ဘူး။ ပြီးတော့ သူတို့တိုက်ဖျက်တယ်ဆိုတာကလည်း အွန်လိုင်းဂိမ်းတကယ်လုပ် တဲ့ သူဌေးတွေကိုကျတော့ လေယာဉ်တွေနဲ့ နေရာပြောင်းရွှေ့လိုက်တယ်။ ကျန်တဲ့အောက်ခြေ အလုပ်သမား လေးတွေကိုပဲ တရုတ်ပြည်ကို ပြန်ပို့ပေးတယ်။ အဲဒီသူဌေးတွေရော ဘယ်ရောက်သွားပြီလဲ။ ဘယ်နေရာကိုရွှေ့ ပြောင်းသွားတာလဲ။ ဒီလို ရွှေ့လိုက်တော့ တခြားနေရာမှာထပ်လုပ်ဖို့ သူတို့စီစဉ်နေတာလားဆိုတာကို စဉ်းစားရမယ်ပေါ့။

သံလွင်တိုင်းမ် – MNDAA ဟာ လောက်ကိုင်ဒေသမှာ အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အနေနဲ့ ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေနဲ့ ကိုးကန့်ပြည်နယ်ရရှိရေးအတွက်လို့ စစ်ခေါင်းဆောင်က ပြောတယ်။ ဆိုတော့ ဒီပြောဆိုချက်အပေါ်ရော ဘာများ သဘောထားရှိသလဲ၊ဘာတုံ့ပြန်ချင်လဲ။

လီကျာဝင်း – ကိုးကန့်ပြန်ရဖို့တို့၊ ပလောင်ပြည်နယ်ထူထောင်ဖို့တို့က သူတို့ရဲ့ပြောဆိုချက်ပေါ့နော်။ ဒီစစ်ဆင် ရေးရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်က ထုတ်ပြန်ပြီးသား ဖြစ်တယ်။ ကျွန်တော့်အိတ်ဖွင့်စာမှာရော၊ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးထုတ်ပြန်ချက်မှာရော ထုတ်ဖော်ပြီးသား ဖြစ်ပါတယ်။ ဒါကတော့ ထွေထွေ ထူးထူး ပြောစရာ မလိုပါဘူး။

သံလွင်တိုင်းမ် – ကာလုံအစည်းအဝေးမှာ စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်။ ဒီအချက်ပေါ်မှာရော ဘာများ ပြောချင်တာ ရှိမလဲ၊

လီကျာဝင်း – ယာယီသမ္မတဉီးမြင့်ဆွေက ဒီကာလုံအစည်းအဝေးကို တက်ရောက်ခဲ့တယ်ဆိုတာ ဒါက ပြန်စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ ဘယ်လိုပုံစံတက်ခဲ့ရလဲ။ အဲအာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ။ ဘာကြောင့်မို့ ဒီလိုအချိန်မှာ ဒီအစည်းအဝေးကို ရောက်လာရတာလဲဆိုတာ ဒီအချက်အလက်တွေကို စဉ်းစားစရာတွေ ဖြစ်နေတယ်။ ပြီးတော့ နိုင်ငံတော်ကြီး အစိတ်အစိတ်အမွှာမွှာ ကွဲပြားသွားနိုင်တယ်ဆိုတာ ကျွန်တော်တော့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ စစ်ဆင်ရေးက ဒီစစ်အာဏာရှင်ပပျောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အသစ်တည်ဆောက်ရေး၊ ကျားဖြန့်အွန်လိုင်းဂိမ်းများကို အမြစ်ဖြတ်ချေမှုန်းရေး တို့ကို ဖော်ဆောင်ဖို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်ရခြင်း ဖြစ်တယ်။ ပျက်မယ်ဆိုရင်တောင် စစ်အုပ်စုပဲ ပျက်စီးသွားမှာပါ။ နိုင်ငံတော်က လုံးဝပျက်စရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို ပြန်လည် ထူထောင်နေတာပါ။

သံလွင်တိုင်းမ် – အခုဆို ညီနောင် ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပတ်ပြည့်ပြီ။ ဒီ ပတ်တာအတွင်း မြို့တွေ၊ တပ်စခန်း အကြီးအသေး အငယ်ယာယီစတဲ့ စခန်းပေါင်း ဘယ်လောက်အထိ ညီနောင် ဖွဲ့ က သိမ်းပိုက်နိုင်ခဲ့ လဲ။

လီကျာဝင်း – ကျွန်တော်တို့ စစ်ဆင်ရေးဖော်ဆောင်တဲ့ နှစ်ပတ်ကြာကာလအတွင်းမှာ ကျွန်တော်တို့ ညီနောင် မဟာမိတ်သုံးဖွဲ့ စုစုပေါင်းတပ်စခန်းအကြီးအငယ် ယာယီတပ်စခန်းစုစုပေါင်း၁၅၀ နီးပါးခန့်တော့ သိမ်းပိုက်နိုင်ခဲ့ ပြီပေါ့။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ရှမ်းမြောက် စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ။ အထူးသဖြင့် စစ်ကောင်စီ ဘက်က ဘယ်လိုမျိုး တန်ပြန်မှုတွေ လုပ်ဆောင်နေတာ ရှိလဲ။

လီကျာဝင်း – ရှမ်းမြောက်ရဲ့ စစ်ရေးအခြေအနေကတော့ စစ်အင်အားဖြည့်တင်းဖို့တော့ လုပ်ဆောင်နေကြတာ ရှိတယ်။ ပြီးတော့ လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ သူတို့က အမြဲတမ်းလုပ် နေတာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.