မြိတ်၊ နိုဝင်ဘာလ ၁၁
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ထောက်ပံ့နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က နိုဝင် ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်ပါတယ်။
အဲဒီသတိပေးစာမှာတော့ ခရိုနီလုပ်ငန်းရှင်တွေဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့တာ တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းတာတွေ မလုပ်ဘဲ ပြည်သူတွေကို ထောက်ပံ့ကူညီပေးကြဖို့နဲ့ သတိပေးထားတဲ့အချိန်ကစပြီး စစ်ကောင်စီနဲ့ဆက်လက်ပူး ပေါင်းပါက ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးထားတာပါ။
မြိတ်မြို့ရှိ ခရိုနီလုပ်ငန်းရှင် ဦးလှသန်း၊ ဦးစိုးဝင်၊ ဦးကျောက်စိမ်းအပါအဝင် ခရိုနီလုပ်ငန်းရှင် ၂၀ ဦးနီးပါးဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာတင်မက စားနပ်ရိက္ခာတွေနဲ့ ခရီးသွားလာရေး လုပ် ငန်းစဉ်တွေမှာပါ ကူညီထောက်ပံ့တယ်လို့ ပကဖအဖွဲ့က ပြောပါတယ်။
မြိတ်မြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးကတော့ ခရိုနီလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို သိန်းပေါင်းထောင်နဲ့ချီ ကုန်ကျခံထောက်ပံ့နေကြောင်း သိရှိနေရပြီး အခုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ကြဖို့ နောက်ဆုံးအကြိမ် သတိပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြိတ်မြို့နယ်အတွင်းရှိ ခရိုနီလုပ်ငန်းရှင်တွေဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူပိုင်မြေယာတွေနဲ့ကျွန်းတွေကို လုပ်ပိုင်ခွင့်ရယူကာ လုပ်ငန်းတိုးချဲ့တာတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တနင်္သာရီတိုင်းရဲ့ အဓိကစီးပွားရေးမြို့ဖြစ်တဲ့ မြိတ်မြို့မှာတော့ ရေလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ ရွှေ၊ သစ်တောထွက်ပစ္စည်း၊ မြေယာအရောင်းအဝယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းအများစုကို စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ခရိုနီလုပ်ငန်းရှင်တွေက အများဆုံးပိုင်ဆိုင်ကြတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

