စခန်းတွေသိမ်းပိုက်ခံနေရတဲ့အပေါ် ရဲတပ်ဖွဲ့ကို စစ်ခေါင်းဆောင်အပြစ်ပုံချ

နေပြည်တော်၊ နိုဝင်ဘာ ၁၁

ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရဲကင်းတွေ၊ ရဲစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့အပေါ် ရဲတပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြစ်ပုံချပြီး ပြောဆိုလာပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးပေါ်သက်တမ်းကုန်ဆုံးမှသာ ခေါ်ယူလေ့ရှိတဲ့ ကာလုံအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့က ခေါ်ယူခဲ့ပြီး စစ်ခေါင်းဆောင်က မူးယစ်ဆေးဝါးနှိပ်နင်းရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စွမ်းရည်မြှင့်တင်ဖို့ ပြောဆိုခဲ့တာပါ။

ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ ပြဿာနာရဲ့ အရင်းအမြစ်ဟာ မူးယစ်ဆေးဝါးဖြစ်ပြီး ရရှိလာတဲ့ ဝင်ငွေတွေနဲ့ အာဏာရရှိရေးကို လက်နက်ကိုင်တော်လှန်မှုနဲ့ လုပ်‌ဆောင်နေတာကြောင့် မူးယစ်ဆေးဝါးအမြစ်ပြတ်နှိပ်နင်းဖို့ ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်မြင့်မားရေးကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

CDM လေတပ်ဗိုလ်ကြီးဇေသူအောင်က ရဲစခန်းတွေ၊ အုပ်ချုပ်ရေးရုံးတွေကျတာဟာ ရဲတပ်ဖွဲ့တွေ စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ပုံစံနဲ့ စစ်ခေါင်းဆောင်က လက်ညှိုးထိုးတာဖြစ်ပြီး ရဲတပ်ဖွဲ့ဟာ ရဲလုပ်ငန်းတွေကိုသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းလို့ ရှမ်းမြောက်တိုက်ပွဲမှာ ရဲစခန်းတွေ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေကျတယ်ဆိုတဲ့ပုံစံကတော့ ရဲတပ်ဖွဲ့က ရဲတွေကိုသာ လက်ညှိုးထိုးတာပဲပေါ့။ အပြစ်ပုံချတာလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့တွေက စစ်သားမဟုတ်ဘူး။ စစ်တိုက်တဲ့အဖွဲ့မဟုတ်ဘူး။ သူတို့တွေက တကယ်တမ်းကျတော့ တိုင်းပြည်တွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကဆောင်ရွက်ရတဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံနဲ့ စစ်တပ်ရဲ့ လုပ်ပုံ ကိုင်ပုံက တခြားစီပါပဲ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့မတူညီတဲ့ လုပ်ဆောင်ချက်အပေါ် အာဏာသိမ်းပြီးနောက်ပိုင်း ရဲတွေကို စစ်သားတွေနဲ့တွဲပြီး စစ်တိုက်ခိုင်းတဲ့အချိန်မှာ ကျွမ်းကျင်မှုမရှိတဲ့အတွက် ထိခိုက်ကျဆုံးမှုဟာ စစ်သားထက် ရဲတွေပိုများတယ်လို့ သူကထောက်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း မကွေးတိုင်း၊ ဂန့်‌ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်းတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက အထက်အရာရှိတစ်ဦးထံ သေနတ်သံတွေကြား အဘအဘနဲ့ လေကြောင်းပစ်ကူတောင်းခဲ့ပေမယ့် စခန်းတစ်ခုလုံး သိမ်းခံရတဲ့အချိန်ထိ လေယာဉ်ပစ်ကူမရောက်ရှိလာခဲ့ပါဘူး။

အဲဒီတိုက်ပွဲမှာ လေကြောင်းပစ်ကူတောင်းတဲ့ ရဲတပ်သားအပါအဝင် ၆ ဦး သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၁ ဦး လက်နက်ချအညံ့ခံခဲ့ပြီး ၄ ဦးကတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ညီနောင် ၃ ဖွဲ့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ လက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ ဟန်ချက်ညီညီ တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်သာမက စစ်ကိုင်း၊ မကွေးနဲ့ အခြားဒေသတွေမှာ စစ်ဘက်ဆိုင်ရာစခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေ ဆက်တိုက်သိမ်းပိုက်ခံနေရတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီအနေနဲ့ တိုက်ခိုက်ရေးရော စိတ်ဓာတ်ရေးရာပါ ပြိုဆင်းလာနေတဲ့ စစ်တပ်ကို စွမ်းဆောင်ရည်တိုးအောင် မလုပ်နိုင်ဘဲ ရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်တိုးအောင်လုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

သထုံခရိုင် PDF တာဝန်ခံလည်းဖြစ်တဲ့ CDM ရဲတပ်ကြပ်ကြီး ကိုအေးမင်းထွန်းကေတော့ စစ်ခေါင်းဆောင်ပြောဆိုမှုဟာ ရဲတပ်ဖွဲ့တွေ ညံ့တဲ့သဘောဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အသွင်ပြောင်းမှုကြောင့် ရဲတပ်ဖွဲ့လည်း အရည်အချင်းနိမ့်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူပြောတဲ့ပုံစံက လက်ရှိတိုက်ပွဲတွေဖြစ်နေတာ ရဲတပ်ဖွဲ့တွေပဲ စွမ်းဆောင်ရည်ညံ့လို့ဆိုတဲ့ သဘောပေါ့။ သူတို့တပ်ထဲမှာ ၁၀ ယောက်ပေါင်းလို့ သုံးတန်း‌အောင်တာ မဟုတ်ဘူးလေ။ ဒီရဲတပ်ဖွဲ့မှာ အာဏာမသိမ်းခင်အထိ ပညာအရည်အချင်းက ကိုးတန်းအောင်မှ ရဲတပ်ဖွဲ့ထဲဝင်လို့ရတယ်။ နောက် ဆုံးတပ်ကနေ ရဲတပ်ဖွဲ့ကို အသွင်ပြောင်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့လည်း အရည်အချင်းနိမ့်သွားတယ်။ ပြီးတော့ စွမ်းဆောင်ရည် နိမ့်သွားတယ်။ ဒါကလည်း စစ်ကောင်စီရဲ့ အသွင်ပြောင်းမှုတွေ အများကြီးပါဝင်တာပေါ့။ သူတို့အသွင်ပြောင်းပြီး နောက်ပိုင်းပါလာတဲ့ တပ်သားတွေကလည်း အရည်အ ချင်းရှိတာမဟုတ်ဘူး။ တပ်ကနေရဲကို ပြောင်းလာကြတာ အများကြီးပဲ။ အဲဒီအတွက်လည်း ပါတာပေါ့”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စစ်တပ်အုပ်ချုပ်မှုအောက် အလုံစုံထည့်သွင်းခဲ့သလို ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကိုလည်း ပြည်ထဲရေးဒုဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့ပြီး အဲဒီဥပဒေအရ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအပြင် လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးမှာပါ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဌာန်းခဲ့တာပါ။

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တော်လှန်တိုက်ခိုက်မှုတွေကြောင့် တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာအများအပြား ရင်ဆိုင်ထားရတဲ့အတွက် စစ်ကောင်စီဟာ အာဏာသိမ်းကာလအတွင်း စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့တာတွေလည်း ရှိနေတာပါ။

ဒါ့အပြင် နယ်မြေလုံခြုံရေး စိုးရိမ်ရတဲ့ ဒေသတွင်းရှိ ရဲစခန်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေချည်းမဟုတ်ဘဲ စစ်တပ်က တပ်ဖွဲ့ဝင်တွေကိုပါ ပူးတွဲပြီး တာဝန်ထမ်းဆောင်စေခဲ့သလို အုပ်ချုပ်ရေးဆိုင်ရာရုံးတွေမှာလည်း အလားတူဖြစ်စဉ်တွေ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.