အာရှလမ်းပိုင်းပြတ်တောက်ပြီးနောက် ကုန်ဈေးနှုန်းချက်ချင်းခုန်တက်လာ

မြဝတီ၊ သြဂုတ်(၈)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မှာ မြေပြိုမှုထပ်မံဖြစ်ပွားပြီး လမ်းပိုင်းပြတ်တောက်သွားတဲ့အတွက် ကုန်ဈေးနှုန်း ချက်ချင်းခုန်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

ဩဂုတ် ၇ ရက်နေ့ မနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ မြေနီကုန်းမှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်ခဲ့ပြီး သွားရေးလာရေးခက်ခဲရသလို နေ့လည် ၁၂ နာရီ မိနစ် ၄၀ အချိန်မှာလည်း မိုးကြီးမှုကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်အနီးနေရာမှာ ကားလမ်းအောက်ခံမြေသား ပဲ့ကျပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး မြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း ပြတ်တောက်သွားတဲ့ သတင်းကြောင်း ချက်ချင်းဆိုသလို ကုန်ဈေးနှုန်း ထိုးတက်လာပြီး ပစ္စည်းတမယ်ကို ၁၀ ရာခိုင်နှုန်းကလည်း ၂၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းခုန်တက်လာတာပါ။

အဲဒီထဲမှာ ၃ ပိဿာနီးပါးရှိတဲ့ ယိုးဒယာထုတ် ပုဇွန်နှစ်ကောင် ဆီတစ်ပုံးကလည်း ကျပ် ၂၂၀၀၀ ကနေ ကျပ် ၂၅၀၀၀ အထိ၊ ခေါက်ဆွဲခြောက် တစ်ဖာကို ကျပ် ၁၇၀၀၀ ကနေ ကျပ် ၂၀၀၀၀ ကျော်အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

အခြေခံကုန်ပစ္စည်းတွေဟာ အာရှလမ်းပိုင်း ပြတ်တောက်သွားတဲ့ သတင်းကြောင့် ကုန်သည်တချို့ ဈေးဆွဲတင်တာအပြင် ဝယ်လိုအားမြင့်တက်မှုကြောင့် ချက်ချင်းဆိုသလို ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြတ်တောက်သွားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ဖို့ လာရောက်ကြည်ရှု့တာတွေ လုပ်ဆောင်နေပေမယ့် ပျက်စီးမှုများတာကြောင့် ပြင်ဆင်ချိန်ကာလ ကြာမြင့်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံဟာ မြဝတီ-ကော့ကရိတ်အာရှလမ်းကို အသုံးပြုပြီး ကုန်သွယ်နေတာဖြစ်သလို နှစ်စဉ်နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.