ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအပေါ် တနင်္သာရီ PDF တွေရဲ့ကြေညာချက် ဝေဖန်မှုတွေရှိနေ

တနင်္သာရီ၊ သြဂုတ်(၈)

စစ်ကောင်စီထုတ်ဝေထားတဲ့ ကျပ် ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူ ကိုင်ဆောင်သုံးစွဲသူတွေကို အရေးယူမယ်လို့ တနင်္သာရီ PDF တွေရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အသိအမှတ်မပြုကြောင်းနဲ့ ကိုင်ဆောင်သုံးစွဲသူတွေကို အရေးယူသွားမယ်လို့ တနင်္သာရီမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲနဲ့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က သြဂုတ်လဆန်းပိုင်းမှာ ပူးတွဲထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူတွေဟာ ဈေးဝယ်တာအပြင် အကြောင်းအမျိုးမျိူးကြောင့် ပြည်သူတွေ လက်ထဲရောက်ရှိလာနိုင်ပြီး တွေ့ရှိပါက အရေးယူမယ်လို့ ကြေညာမှုဟာ လုံးမဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒါအပြင် လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အင်အားစုတွေအနေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ပြည်သူကိုမျက်နှာမူသင့်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူမသုံးကြဖို့ စာထုတ်နိုင်ပေမယ့် ဖမ်းဆီးအရေးယူမယ်လို့ ကြေညာချက်ဟာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်နိုင်မှဖြစ်သလို ကိုင်တွယ်ဖြေရှင်းပုံ လွဲမှားနေတယ်လို့ ဝေဖန်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီထုတ်ဝေမယ့် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အသိအမှတ်မပြုကြောင်းနဲ့ တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး စတင်ထုတ်ဝေနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေမှုကြောင့် ရွှေ၊ ဒေါ်လာအပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာခဲ့ပြီး ဈေးကွက်ပျက်တဲ့အထိ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.