ရန်ကုန်၊ သြဂုတ်(၈)
ဗမာလူမျိုးစုအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအားလုံး မျှော်မှန်းထားတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် စနစ်ပြောင်းတော်လှန်ရေးကို ဦးတည်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူအပြောင်းအလဲမဟုတ်ဘဲ စနစ်ပြောင်းတော်လှန်ရေးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တညီတညွတ်တည်း ထုတ်ပြောလာတာပါ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က အုပ်ချုပ်သူအပြောင်းအလဲကို လက်ခံမှာမဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းကိုလွဲသွားမယ့် လုပ်ရပ်မှန်သမျှ လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီနေ့သွားမယ့် အနာဂတ်ဖက်ဒရယ်ကို ကျွန်တော်တို့က Regime Change (အုပ်ချုပ်သူအပြောင်းအလဲ) နဲ့ သွားမှာမဟုတ်ဘူး၊ System Change (ခေတ်စနစ်အပြောင်းအလဲ) နဲ့ သွားမှာဖြစ်တယ်။ Regime Change နဲ့ သွားတဲ့လုပ်ရပ်မှန်သမျှကိုလည်း ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူး။ နောက်အနာဂတ်မှာ အရပ်သားအစိုးရအောက်မှာ ဖက်ဒရယ်တပ်မတော် တည်ဆောက်ဖို့ဆိုတာကလည်း ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမလိုပါဘူး။ လူထုကနေချမှတ်ပေးတဲ့ တော်လှန်ရေးလမ်းစဉ်ကို သွေဖယ်သွားမယ့် တော်လှန်ရေးအင်အားစုတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းကို လွဲသွားမယ့် လုပ်ရပ်မှန်သမျှ လက်ခံမှာမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း မိမိတို့မျှော်ရည်တဲ့ ခေတ်သစ်၊ စနစ်သစ်ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးတွေအပေါ် လမ်းလွဲစေတဲ့ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ ပူးတွဲကြေညာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နိုင်ငံရေးက စားကွက်ရွှေ့လာတဲ့ နိုင်ငံရေးအပြောင်းအလဲတွေအပေါ် NUCC နဲ့ NUG တို့က ဇူလိုင် ၃၁ ရက်နေ့မှာ အထူးအစည်းအဝေးခေါ်ယူပြီး အခုလိုထုတ်ပြန်ကြေညာလာတာပါ။
NUCC နဲ့ NUG ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကလည်း နွေဦးတော်လှန်းရေးမှာ စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာရင်လည်း လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ထုတ်ဖော်မှုဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်အပါအဝင် နွေဦးတော်လှန်ရေးမှာ လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေးဦးတည်ချက်နဲ့ ရပ်တည်ချက်တထပ်တည်းပဲလို့ ပြောလို့ရတယ်။ စကစကနေ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးပြုပြီး စစ်တပ်ကနေ နိုင်ငံရေးမှာ Main Stateholder တစ်ခုအနေနဲ့ ဆက်လက်ရပ်တည်ပြီး အရင်ကလို တဆင့်ချင်းပြောင်းလဲတဲ့ ဒီမိုကရေစီအသွင်းကူးပြောင်းရေး ကြိုးစားလာတဲ့ ကိစ္စတွေကျတော့ ကျွန် တော်တို့အနေနဲ့ လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြောတဲ့ အဓိပ္ပာယ်လည်း ပါပါတယ်”လို့ သူ က ဆိုပါတယ်။
NUCC နဲ့ NUG တို့ရဲ့ ပူးတွဲကြေညာချက်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ စစ်အာဏာသိမ်းအလေ့အထနဲ့ စစ်တပ်ရဲ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ထာဝရအဆုံးသတ်ချုပ်ငြိမ်းစေရမယ်လို့ ဆိုပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ လွယ်လွယ်ထွက်သွားပေးမှာ မဟုတ်ဘဲ ကျင်းထဲကျပ်ထဲရောက်လေ ပိုပြီးတွန်းကန်မှုများလေဖြစ်တာကြောင့် NUG အနေနဲ့ ဖက်ဒရယ်တပ်မတော်အတွက် EAO တွေကို ကတိကဝတ်တွေ ဘယ်လောက် ဆွေးနွေးမှုရှိပြီလဲဆိုတာ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။
“စစ်တပ်ကတော့ လွယ်လွယ်နဲ့ နိုင်ငံရေးလောကထဲက ထွက်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့ တိုက်ပွဲနဲ့စစ်တပ်က ထွက်သွားမလားဆိုတော့လည်း သိပ်ပြီးမသေချာဘူး။ သူတို့လည်း ကျင်းထဲကျပ်ထဲ ရောက်လေလေ ပိုပြီးတော့တွန်းကန်မှုများလေလေနဲ့ ဆက်ပြီးတော့တိုက်နေမှာပဲ။ ဒီလိုအခြေအနေမျိုးကို ဘယ်လောက် ပုံဖော်နိုင်သလဲပေါ့။ တိုင်းရင်းသားတွေနဲ့ရော၊ NUG အနေနဲ့ အနာဂတ် ဖက်ဒရယ်တပ်မတော်အတွက် ကတိကဝတ်တွေ ဆွေးနွေးမှုတွေရှိလာပြီလဲ။ အဲဒါက တော်တော့်ကို အ ရေးကြီးတယ်။ အဲဒီလိုမျိုး တိုင်းရင်းသားတွေနဲ့ NUG ညီညွတ်မှုရရင် PDF တွေလည်း NUG အောက်မှာ တစုတဝန်းတည်းရှိရင်တော့ ဒီတိုက်ပွဲက သိပ်ပြီးရေရှည်သွားမှာ မဟုတ်ဘူး၊ တိုတိုနဲ့ပြတ်နိုင်တာပေါ့”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုလိုနီနယ်ချဲ့လက်အောက်ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ဟာ အရပ်သားပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိရမှာဖြစ်ပေမယ့် နဝတ၊ နအဖခေတ်မှာတော့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ပါဝင်ရေးဆိုတဲ့ ဦးတည်ချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတဲ့အချက်ကို ပြန်ပြီးရုတ်သိမ်းရမှာဖြစ်သလို စစ်တပ်ကနေ အချိန်မရွေး အာဏာသိမ်းအလေ့အထကို တစ်ခါတည်း ကာကွယ်ထားနိုင်ဖို့ အားလုံးမှာတာဝန်ရှိတယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုပါတယ်။
“တိုင်းပြည်ရဲ့အစဉ်အလာနဲ့ ဆန့်ကျင်သလို ကမ္ဘာ့အစဉ်အလာနဲ့ ဆန့်ကျင်ပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီအချက်ကို ကျွန်တော်တို့ ပြန်ပြီးရုတ်သိမ်းရမှာဖြစ်သလို စစ်တပ်ကနေ အချိန်မရွေးအာဏာထသိမ်းတဲ့ အလေ့အထ ဒီလိုကိစ္စလည်း ကျွန်တော်တို့ တစ်ခါတည်း ကာကွယ်ထားနိုင်ရမှာ ဖြစ်ပါတယ်။ အဓိကအချုပ်ကတော့ စစ်တပ်အလုပ်ကို စစ်တပ်လုပ်ရမှာ ဖြစ်ပါတယ်။ စစ်တပ်နေရာမှာ စစ် တပ်ကနေရမယ်။ အဲဒီလိုဖြစ်ဖို့အတွက် စစ်သားတွေအပါအဝင် စစ်တပ်အပါအဝင် ကျွန်တော်တို့ အား လုံးမှာ တာဝန်ရှိပါတယ်”လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) တို့နဲ့အတူ ရာနဲ့ချီပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတာပါ။
NUCC နဲ့ NUG တို့ကတော့ ပြည်သူ့အစိုးရရဲ့ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာပြီး ပြည်ပရန် ကာကွယ်ရေး တာဝန်ကိုသာထမ်းရွက်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

