တော်လှန်ရေးနောက်ကြောင်းပြန်လှည့်ဖို့ မရှိဘူးလို့ KNUပြော

ကော့ကရိတ်၊ သြဂုတ်(၈)

စစ်အာဏာရှင် အမြတ်ပြုတ်ရေး တော်လှန်ရေးဟာ ပြန်ပြီးနောက်လှည့်စရာအကြောင်းမရှိသလို တွေဝေစရာလည်းမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် ပဒိုစောတောနီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ရှိနိုင်ငံရေးအနေအထားတွေနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင် ပဒိုစောတောနီးက ဩဂုတ် ၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ဩဂုတ် ၆ ရက်နေ့က နွေဦးတော်လှန်ရေးမှာ အတူတကွလက်တွဲတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNU နိုင်ငံခြားရေးဌာန တာဝန်ခံပဒိုစောတောနီးက အခုလိုပြောဆိုခဲ့တာပါ။

“မနေ့က ထုတ်ပြန်လိုက်တဲ့ NUG နဲ့ NUCC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောရမယ်ဆိုရင်တော့ ဒါကကျွန်တော်တို့ရပ်တည်ချက် အခိုင်အမာဖြစ်ပါတယ်လို့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်ကစပြောရမလဲဆိုရင်လည်းပဲ ပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံအရပေါ့နော်။ ကျွန်တော်တို့က ဒီလိုမျိုး နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုးအခက်အခဲအကြပ်အတည်းတွေ တွေ့ကြုံလာပြီ။ အထူးသဖြင့် ဒီစစ်အုပ်စုဘက်ကပေါ့နော်၊ အဲဒီလိုမျိုးဆိုရင် သူတို့အမြဲတမ်းပဲ မရိုးနိုင်တဲ့ဓာတ်ပြားဟောင်းကို ပြန်ပြန်ပြီးတော့ဖွင့်နေကြတယ်။ ဆိုလိုတာက အထူးသဖြင့် ကျွန်တော်တို့တွေ့ မြင်နေရတာက ဘာလဲဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို သူတို့လိုရင်လိုသလိုပဲ သူတို့ဖမ်းဆီးထားပြီးတော့ သူတို့ကြိုက်တဲ့အချိန်မှာ သူတို့ကစားနေကြတဲ့ အကွက်တွေပေါ့နော်။ ဒီအကွက်တွေက မနေ့တနေ့က ပေါ်တဲ့ကိစ္စတွေမဟုတ်ဘူး။ လုပ်လာတာလည်းကြာပြီ။ ကျွန်တော်တို့ သက်တမ်းတစ် လျှောက်မှာလည်း အခါပေါင်းမနည်းတော့ဘူး။ အဲဒါတွေက ကျွန်တော်တို့ဘယ်လိုမှ လက်ခံလို့မရတဲ့အနေအထားမှာ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ထုတ်ပြန်ချက်ဟာ တကယ်ရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော်တို့က ဘယ်တော့မှ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး တွေဝေနေစရာအကြောင်းလည်းမရှိဘူး၊ ပြန်ပြီးနောက်လှည့်စရာ အကြောင်းလည်းမရှိဘူး”လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ဆောင်နေကျအတိုင်း မက်လုံးပေးပြီး အခွင့်အရေးတွေ ပေးအပ်လာတဲ့အပေါ်မှာလည်း မိမိတို့အဖွဲ့အစည်းရဲ့ ဘုံရည်မှန်းချက်နဲ့ လုံးဝဆန့်ကျင်ပြီး ဘယ်လိုမှလက်ခံနိုင်စရာ အကြောင်းမရှိသလို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ ပဒိုစောတောနီးက ဆက်ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လိုချင်တဲ့ပန်းတိုင်ကို ဖြောင့်ဖြောင့်မတ်မတ်၊ တည့်တည့်မှန်မှန်နဲ့ ချီတက်သွားမှာဖြစ်ပြီး ဘယ်အလုပ်မဆို ဗဟာဗျူဟာ၊ နည်းဗျူဟာအပိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်။

“အဲဒီကွဲပြားနေတဲ့အခြေအနေအောက်မှာ ကျွန်တော်တို့ဒီလိုမျိုးကစားနေရတာတွေကိုတော့ ဒါကကျွန်တော်တို့အတွက် အထူးအဆန်းတော့မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ တချို့ဒေသတွေမှာ တမျိုးမြင်နေရမယ်။ တချို့ဒေသတွေမှာတော့ ပုံစံတမျိုးနဲ့ တွေ့မြင်နေရမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဟာဗျူဟာအရတော့ စစ်အာဏာရှင်သာ ဘယ်အာဏာရှင်စနစ်မျိုးကိုမဆို ကျွန်တော်တို့တိုင်းပြည်က ရှင်းထုတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်သူအစိုးရတဖွဲ့ကိုပဲ ကျွန်တော်တို့ပြောင်းလဲနိုင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ တွေ့ကြုံနေရတဲ့ အခြေအနေအရဟာ နောက်ထပ်ဒီလိုအာဏာရှင်မျိုးပဲ ပေါ်ပြီးရင်းပေါ်၊ ပေါ်ပြီးရင်ပေါ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ မဆုံးနိုင်တဲ့သံသရာကြီးကိုလည်နေတာဖြစ်တယ်။ စစ်အုပ်စုဘက်ကလည်း ဘာပဲလုပ်တတ်တယ်ဆိုတော့ ပြဿနာတွေ တွေ့ကြုံနေရတိုင်းဆိုရင် သူဘာပဲလုပ်တတ်လဲဆိုတာ သမိုင်းတလျှောက်လုံးမှာ ဒီဟာနှစ်ပေါင်း ၆၀ ၇၀ ရှိလာ ပြီ။ ကျွန်တော်တို့က ဖြတ်သန်းမှုအတွေ့အကြုံအရ ဘာပဲပြောပြော၊ တွေ့ဆုံဆွေးနွေးရေးပဲပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးကျတော့ သူကလက်နက်ကိုင်ဖြေရှင်းနည်းနဲ့ပဲ အထူးသဖြင့် စစ်အာဏာသိမ်းတဲ့ဟာနဲ့ပဲ ပြီး ဆုံးသွားတာဖြစ်တယ်ပေါ့” လို့ သူကပြောပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တွေအပါအဝင် မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တွန်လှန်းတိုက်ထုတ်နေတဲ့ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်းမှာတော့ KNU အုပ်ချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိူးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၉၀၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.