မိုးဗြဲ၊ ဇွန်(၆)
စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီဘက်က အပြင်းအထန် ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်လာတယ်လို့ မြေပြင်တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ရေးအရအရေးပါတဲ့ မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ထပ်မံအထိုင်ချဖို့အတွက် ဇွန်လအစောပိုင်းကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်ဖို့ ကြိုးပမ်းနေသလို မြို့ပြင်မှာလည်း နောက်ထပ်စစ်ကြောင်းတွေနဲ့ အသင့်စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
တဖက်မှာတော့ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၄၂၂)ဟာ နေ့စဉ်နဲ့အမျှ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ဇွန် ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ လက်နက်ကြီး အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျွဲချိုတပ်ခွဲက ကိုဟန်ရီကတော့ စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုဟာ မိုးဗြဲမြို့ကိုထိန်းချုပ်ဖို့ ကြိုးပမ်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်တာလို့ ပြောပါတယ်။
“တပ်တွင်းသတင်းတွေအရ မိုးဗြဲကိုထိန်းချုပ်ချင်တာပေါ့။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ထဲဝင်လို့မရ အောင်၊ တိုက်ခိုက်လို့မရအောင် မြို့ထဲဝင်ထိုင်ဖို့နေ့စဉ်ကြိုးစားနေတာပေါ့နော် စစ်ကောင်စီက။ လွိုင်ကော်၊ ဒီမော့ဆိုလမ်းကြောင်းပိတ်သွားတော့ ပြည်သူတွေရဲ့စားနပ်ရိက္ခာတွေနဲ့ တော်လှန် ရေးအဖွဲ့တွေရဲ့စားနပ်ရိက္ခာတွေက တစ်နေရာထဲကနေပို့နေရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ အဲဒါကြောင့်သူတို့က ရအောင်ထိန်းချုပ်ချင်နေတဲ့ သဘောရှိပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ပေါ်မှာ PDF တွေရှိတယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ မြို့ပေါ်ကို နေ့စဉ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိနေတာပါ။
အဲဒီလို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေခံနေရပေမယ့်လည်း မိုးဗြဲဒေသခံတွေဟာ ပြေးစရာမြေမရှိတော့တဲ့အတွက် မိမိပိုင်နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်း-ကယားပြည်နယ်နယ်စပ် မိုးဗြဲနဲ့ ဒီးမော့ဆိုအရှေ့ခြမ်းကို နေ့စဉ်လေယာဉ်နဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး မေလတစ်လထဲမှာတင် အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာတော့ မိုးဗြဲအပါအဝင် ဒီမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ဒီမော့ဆိုမြို့မှာရှိတဲ့နေရာတချို့ကို ပြန်လည်ရရှိထားတယ်လို့ ဒေသတွင်းအရင်းအမြစ်တွေကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

