တနင်္သာရီ၊ ဇွန်(၆)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးတွင်းကာလကျရောက်လာတဲ့အတွက် ရာသီတုပ်ကွေး အစုံအလိုက်အပြုံအလိုက် ဖြစ်ပွားတာတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစပြီး ရာသီတုပ်ကွေးတွေ စတင်ဖြစ်ပွားရာကနေ အခုအခါမှာတော့ ရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ၃၀၀ ကျော်အထိ ရှိလာခဲ့သလို တချို့တွေဆိုရင် မိသားစုအလိုက် ဖြစ်ပွားတာတွေ ရှိနေတာပါ။
ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေးအပြင် ငှက်ဖျားနဲ့ဝမ်းရောဂါဖြစ်ပွားမှုတွေကို ခံစားနေရသလို ကူးစက်မှုတွေရှိနေတဲ့အတွက် စောင့်ကြည့်ရတဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။
တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူကတော့ စစ်ဘေးရှောင်တွေမှာ ရာသီတုပ်ကွေးတွေ အစုံအလိုက်အပြုံအလိုက် ဖြစ်ပွားနေတဲ့ ဆေးဝါးမလုံလောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ဆေးဝါးတွေကို နိုင်သလောက်ကူညီပေးကြဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပို့ပေးကြဖို့ တိုက်တွန်းတာပါ။
တဖက်မှာတော့ တနင်္သာမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်က စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

