ရေး၊ ဇွန်(၆)
မွန်ပြည်နယ် ရေး-မော်လမြိုင်ကားလမ်းတွေမှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားပြည်သူတွေထံကနေ ငွေကျပ်သောင်းနဲ့ချီ တောင်းခံတာတွေ ရှိလာတယ်လို့ ခရီးသွားတွေနဲ့ အဝေးပြေးယာဉ်မောင်းတွေကို သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရေး-မော်လမြိုင်ကားလမ်းမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူတွေထံကနေ ငွေကြေးအဆမတန် တောင်းခံတာတွေ လုပ်ဆောင်နေပါတယ်။
ခရီးသွားပြည်သူတွေဟာ စစ်ဆေးရေးဂိတ်တစ်ဂိတ်ကို ကျပ် ၁၀၀၀ ကနေ ကျပ် ၃၀၀၀ အထိ ပေးဆောင်နေရပြီး မွန်ပြည်နယ် မှတ်ပုံတင်မဟုတ်တဲ့ ခရီးသွားတွေဆိုရင် တစ်ဦးကိုကျပ် ၂၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ ပေးဆောင်နေရတာ ဖြစ်ပါတယ်။
ခရီးသွားပြည်သူတစ်ဦးကတော့ ရေး-မော်လမြိုင်လမ်းပိုင်းမှာ ရေးကြိုးတံတား စစ်ဆေးရေးဂိတ်ဟာ အဆိုးဆုံးဖြစ်ပြီး ငွေကြေးကောက်ခံနေရမှာလည်း ကားပေါ်အထိတက်ပြီး တစ်ဦးကို ကျပ် ၃၀၀၀ အထိ တောင်းခံနေတယ်လို့ပြောပါတယ်။
ရေး-မော်လမြိုင်လမ်းပိုင်းမှာတော့ ကြိုးတံတားဂိတ်၊ အာယုတောင်တံတားဂိတ်၊ မြို့အဝင်ဂိတ်နဲ့ ဘုရားသုံးဆူလမ်းဝ စစ်ဆေးရေးဂိတ်တွေဟာ ခရီးသွားတွေထံကနေ ငွေကြေးအဆမတန် တောင်းခံနေတဲ့ စစ်ဆေးရေးဂိတ်တွေဖြစ်ပြီး ကျန်စစ်ဆေးရေးဂိတ်တွေကလည်း ကုန်တင်ယာဉ်နဲ့ ခရီးသွားယာဉ်တွေကနေ ငွေကြေးတောင်းခံတာတွေ ရှိနေတာပါ။
ရေးဒေသခံတစ်ဦးကလည်း အရင်ကစစ်ဆေးရေးဂိတ်တွေမှာ ခရီးငွေကြေးတောင်းခံတာတွေ မရှိပေမယ့် ပြီးခဲ့တဲ့လပိုင်းကစပြီး ငွေကြေးတောင်းခံလာသလို မြို့ပေါ်ကနေ ကျေးရွာတွေကို ပြန်ပါက ငွေကျပ် ၁၀၀၀၀ လောက် ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ဆေးရေးဂိတ်တွေက ငွေကြေးတောင်းခံမှုတွေကို စစ်ကောင်စီထံ တင်ပြထားပေမယ့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုမရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာပြီးနောက် လုံခြုံရေးအထူးတင်းကျပ်ထားသလို စစ်ဆေးရေးဂိတ်အမြောက်အများ ဖွင့်လှစ်ထားတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

