စစ်ကိုင်း၊ ဇွန်(၆)

အခုပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်ဖွင့်လှစ်နိုင်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ၆ သန်းကျော်အထိ ရှိလာပေမယ့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်သန်းနဲ့ချီရှိနေတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ အပ်နှံသူ ၆ ဒသမ ၅ သန်းအထိ တိုးလာတယ်လို့ ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တားလည်ပတ်နိုင်တဲ့ ကျောင်းတွေမှာ အခြေခံပညာအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၅ ဒသမ ၆ သန်း ကျော်သာ တက်ရောက်ခဲ့တဲ့အတွက် အခုနှစ်နဲ့နှိုင်းယှဉ်ရင် အရေအတွက် ပိုတိုးလာပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အရပ်သားအစိုးရလက်ထက်မှာတော့ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၉ ဒသမ ၇ သန်းကျော်ရှိခဲ့တာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ပညာသင်နှစ်တစ်ခုမှာ ကျောင်းအပ်နှံမှုပျမ်းမျှ ၁၂ သန်းရှိရမှာဖြစ်တဲ့အတွက် အာဏာသိမ်းမှုအလွန် ၃ နှစ်အတွင်း ကလေးအနည်းဆုံး ရှစ်သန်းကနေ ၁၀ သန်းထက်မနည်း ပညာသင်ယူခွင့် ဆုံးရှုံးနေရတာလို့ ဆိုပါတယ်။

ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကလေးငယ်တွေဟာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်က အများဆုံးပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းရှိ CDM ကျောင်းဆရာမတစ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ ဒေသအတွင်းက ပြည်သူပိုင်စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကလေးငယ်တွေ ပညာသင်ယူခွင့် ဆုံးရှုံးနေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီပြည်သူ့ကျောင်းတွေမှာ ဖွင့်လှစ်နေတဲ့အခါ လူမဆန်တဲ့ စကစက သူတို့ကို ဘာတုန့်ပြန်မှုမရှိတဲ့ ပညာသင်ယူနေတဲ့ ကလေးလေးတွေကို ပြေးလိုက်လွှားလိုက် ဆော့ကစားနေတဲ့ ကလေးတွေရှိတဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတာတွေရှိတယ်။ တချို့စာသင်ကျောင်းတွေ ပျက်စီးကုန်တယ်။ စစ် ကြောင်းထိုးလာရင် စာသင်ကျောင်းပါမကျန် မီးရှို့တယ်ဆိုတော့ အဆောက်အဦးတွေ ပျက်စီးလာတယ်။ ကလေးတွေအတွက် ပညာသင်ယူဖို့ နေရာမရှိဘူး၊ ဒါပေမယ့် အဲဒီလိုမျိုး ရွာတွေမှာ ကျွန်မတို့က စိတ်ပျက်ခြင်းမရှိဘဲ သစ်ပင်အောက်မှာ စာသင်ကျောင်းဖြစ်နိုင်တာပဲ၊ ဇရပ်ထဲမှာလည်း စာသင် ကျောင်းဖြစ်နိုင်တာပဲဆိုတဲ့ နေရာတွေဖန်တီးပြီး သင်တယ်”လို့ ဆိုပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ပညာရေးဝန် ကြီးဌာနကနေ ဖွင့်လှစ်တဲ့ ကြားကာလပညာရေး ကိုယ်ထူကိုယ်ထ အခြေခံပညာကျောင်းတွေ မြို့ နယ်၊ ကျေးရွာအုပ်စုအလိုက်ရှိနေတဲ့အတွက် ပညာရေးလည်ပတ်မှုရှိပေမယ့် တိုက်ပွဲတွေကြောင့် ကလေးငယ်တွေ ပြည့်ပြည့်ဝဝ ပညာသင်ကြားနိုင်ခြင်း မရှိသေးပါဘူး။

တဖက်မှာတော့ စစ်ကိုင်းတိုင်းအတွင်းက ကလေးငယ်တွေဟာ စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းထက် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ တက်ရောက်တာတွေ ရှိနေယ်လို့ S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ပြောပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းမှာ စကစ ပညာရေးကျောင်းတွေမှာတော့ တက်ရောက်သူတော့ နည်းတာပေါ့။ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထကျောင်းတွေနဲ့ NUG က ဖွင့်တဲ့ကျောင်းတွေမှာတော့ တက်ရောက်သူ ပိုများတာပေါ့။ ဒါပေမယ့် တချို့နေရာတွေမှာကျတော့ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းတွေက ဖွင့်လို့ရတယ်။ ပညာရေး ထောက်ပံ့မှုကျတော့ သိပ်မရှိဘူး၊ အားနည်းတယ်ပေါ့။ NUG အနေနဲ့ကလည်း ဖွင့်ပေးတယ်ဆိုပေမယ့် ဖွင့်ပေးတဲ့အမည်ပဲပေါ့၊ ပညာရေးထောက်ပံ့မှုကတော့ သိပ်မရှိဘူးဗျ။ကျွန် တော်တို့အနေနဲ့ တတ်နိုင်သလောက် ဖွင့်ပေးနေတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အခြေခံပညာအတန်းက စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ကျောင်းဆောင်တွေနဲ့ စာသင်ခုံတွေအပါအဝင် သင်ထောက်ကူပစ္စည်းတွေကို ပြင်ပအလှူရှင်တွေကတဆင့် ဆောက်လုပ်လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့အနေနဲ့ လက်ရှိမှာ ကျောင်းပေါင်း ၁၄ ကျောင်းသာ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ကျောင်းဆောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်ချက်ကြီးမားနေသေးတယ်လို့ S&C မီးဘေး၊စစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ အာဏာသိမ်းမှုနှစ်နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသဖြစ်သလို စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်တွေနဲ့အတူ အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးခံရမှုအများဆုံးနဲ့ လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နွေဦးတော်လှန်ရေးမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ CDM ကျောင်းသား၊ကျောင်း သူတွေနဲ့ တော်လှန်ရေးသမားတွေအတွက် ရှေ့ဆက်ပညာသင်ယူနိုင်ရေး အစီအစဉ်တွေ ဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကနေ ရရှိလာတဲ့ အချက် ၁၈ ချက်ကို သက်ဆိုင်သူအားလုံးက ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဇွန် ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.