ရန်ကုန် – ဇွန်(၆)
ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီးနောက် ဒီနေ့ ဇွန်လ(၆) ရက်နေ့ မနက်(၅) နာရီဝန်းကျင်မှာ သေဆုံးသွားတယ်လို့ ဝါဒဖြန့် မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီးနောက်စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော် ကို စစ်တပ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့တာပါ။
“အားလုံးကို အသိပေးလိုက်ပါအုံး။ လီလီနိုင်ကျော် ဆုံးပြီ။ ဒီကနေ့မနက် ၅နာရီကျော်မှာ ဆုံးသွားတာပါ” လို့ ရွှေသံစဉ် ဦးဝင်းမော်က ဝါဒဖြန့်မီဒီယာတွေကို ပြောထားပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာရှိတဲ့ အဆောင်တစ်ခုမှာ နေတဲ့ ကိုဖိုးပြည့် ဆိုသူဟာ အဆိုတော် လီလီနိုင်ကျော် ကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ ရပါတယ်။
အဆိုတော် လီလီနိုင်ကျော်ကို တပ်မတော်ဆေးရုံမှာ ဆရာဝန်ကြီးတွေက ကြိုးစားကုသပေးခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်းကမှ သေဆုံးသွားတာဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ လထဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးတင့်လွင်နဲ့ အဆိုတော် လီလီနိုင်ကျော်တို့ သတ်ဖြတ်ခံရပြီးနောက် မ.ဘ.သ အဖွဲ့ဝင်တွေဟာ လက်နက်တပ်ဆင်ပေးဖို့ စစ်ကောင်စီကို ပြောဆိုနေသလို အကာအကွယ်မပေးနိုင်တော့တဲ့ စစ်ခေါင်းဆောင်ကိုလည်း ဝေဖန်တာတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Lily Naing Kyaw (Facebook)

