“နမ်းနိန်းရွာ လူသတ်တရားခံနှင့် စစ်ကောင်စီမွှေးတဲ့ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခမီး”

0
4915

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာမှာ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဘုန်းတော်ကြီး ၃ ဦး အပါအဝင် ဒေသခံ ၃၀ ဦး ခန့်အသတ်ခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။


စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်ကိုင်းတိုင်းအတွင်း ၎င်းရဲ့ဩဇာခံ တပ်သားတွေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးမှု၊ စာနပ်ရိက္ခာတွေကို မီးရှို့မှုတွေကို ထွက်ရှင်းလေ့မရှိပေမယ့် နမ်းနိန်းကျေးရွာဖြစ်စဉ်ကို KNDF က လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန့် မီဒီယာတွေကနေတစ်ဆင့် ချိန်သားကိုက်ထွက်လာပြီး ဝါဒဖြန့်ပါတယ်။


ဒါ့အပြင် ကယား(ကရင်နီ)တော်လှန်ရေးအဖွဲ့တွေဟာ ပအိုဝ်းဒေသကို နှောင့်ယှက်တိုက်ခိုက်နေပြီး ပအိုဝ်းဒေသရဲ့ အေးချမ်းမှုကို ဖျက်ဆီးနေတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက (မတ်လ ၁၂ ရက်)က ပြောပါတယ်။


“ဒီလိုလုပ်ဆောင်တာက ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းနေမှု ဖွံဖြိုးတိုးတက်နေမှုတို့ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်” လို့ ဝါဒဖြန့်ပါတယ်။
ကိုးကွယ်ရာမတူတဲ့ လူမျိုး ၂ စုကြား လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေကို ဖြစ်လာစေဖို့ ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လူမျိုးရေးပဋိပက္ခ မီးမွှေးတာကို အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။


အင်္ဂလိပ်နယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို သွေးခွဲအုပ်ချုပ်ခဲ့တာကြောင့် တောင်တန်း−ပြည်မ မအေးချမ်းနိုင်ဘဲ ပဋိပက္ခတွေ ဆက်ရှိနေတာလို့ အခမ်းအနားတွေမှာ တစ်ဖွဖွပြောလေ့ရှိတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဩဇာခံ စစ်ကောင်စီတပ်သားတွေက နမ်းနှိမ်ကျေးရွာဖြစ်စဉ်ကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စုံစမ်းဖော်ထုတ်ထားပါတယ်။


စစ်ကောင်စီ လော်ဘီတွေရဲ့ ချိန်သားကိုက် ဝါဒဖြန့်မှုများ


စစ်ကောင်စီက အဲဒီလို ပြောဆိုမှုတွေအပြင် သတင်းမှားနဲ့ ဝါဒဖြန့်တာကို စစ်တပ် လော်ဘီ ဝါဒဖြန့် ချန်နယ်လ်တွေမှာလည်း နမ်းနိန်းကျေးရွာဖြစ်စဉ်ဟာ KNDF က လုပ်ဆောင်ခဲ့တာလို့ ချက်ချင်းဝါဒဖြန့် မှိုင်းတိုက်တာကို တွေ့ရပါတယ်။


သံလွင်တိုင်မ်းရဲ့ လေ့လာချက်အရ (Subcribe) လုပ်ထားသူ ၃၇,၀၀၀ ခန့်ရှိတဲ့ မှိုင်းဝေ တယ်လီရမ် ချာနယ်၊ (Subcribe) လုပ်ထားသူ ၅၂,၀၀၀ ခန့်ရှိတဲ့ ကိုသက် တယ်လီအကောင့်နဲ့ (Subcribe) ၄,၇၀၀ ရှိတဲ့ဇေယျဝတီချက်ဖောင်း အကောင့်တွေကနေ ဒီဖြစ်စဉ်ဟာ KNDF နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး မတ်လ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ အနည်းဆုံးတစ်နေ့ကို ပိုစ့် ၂ ခု တင်နေခဲ့ပါတယ်။


အထက်ပါ အကောင့် ၃ ခုမှာ ရေးတင်ထားတဲ့ စာနဲ့ပုံတွေဟာ တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် လူတစ်ဦးတည်းက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာလို့ ယူဆနိုင်ပါတယ်။
အဲဒီ အကောင့်တွေမှာ ကယန်း(ကရင်နီ) တော်လှန်ရေးအဖွဲ့တွေက လူသတ်ခဲ့တယ်လို့ ရေးတင်တာတွေအပြင် ဘာသာရေးအရတွင်တွင် ကျယ်ကျယ် မှိုင်းတိုက်ထားတာကို တွေ့ရပါတယ်။


“ပင်လောင်းမြို့နယ် နမ်းနိန်းရွာဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ ပအိုဝ်းလူမျိုးတွေနေထိုင်ကြတာပါ။ အခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်ပေမယ့် ငြိမ်ချမ်းမှုကိုသာမြတ်နိုးတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ နယ်မြေဟာ အေးချမ်းတည်ငြိမ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ခရစ်ယာန်ဘာသာဝင် KNDF အကြမ်းဖက်သမားတွေက နမ်းနိန်းရွာကို ဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် ပအိုဝ့်တိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်” လို့ မှိုင်းဝေအကောင့်က ဝါဒဖြန့်ပါတယ်။ ဒီစာသားတစ်ခုတည်းကို ကျန်တဲ့ အကောင့်တွေမှာ ထပ်တင်တာကိုလည်း တွေ့ရပါတယ်။


ဒါ့အပြင် စစ်တပ်လော်ဘီအကောင့်တွေက မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်မှာ သေဆုံးသူတွေက KNDF ရဲဘော်တွေလို့ စွပ်စွဲခဲ့ပေမယ့် မတ်လ ၁၃ ရက်နေ့မှာတော့ သေဆုံးသူတွေဟာ ဒေသခံတွေဖြစ်ပြီး KNDF က သတ်ဖြတ်သွားတယ်လို့ ထမ်မံရေးသားခဲ့ပါတယ်။


ပအိုဝ်းဒေသခံတွေက KNDF တပ်တွေကို “ပအိုဝ်းမြေပေါ်က ထွက်သွားပါ။ မဟုတ်ရင် လူမျိုးရေးပဋိပက္ခ‌တွေ ဖြစ်လာနိုင်တယ်” လို့ ပအိုဝ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်ဆိုပြီး စစ်တပ်လော်ဘီတွေက အွန်လိုင်းကနေ ဝါဒဖြန့်ပါတယ်။ 


ဒါပေမယ့် ဒီဒေသခံ ပြောဆိုချက်ကို သံလွင်တိုင်းမ်းက လေ့လာရာမှာ KNDF တပ်တွေနဲ့ ပတ်သက်တဲ့ ပြောဆိုချက်မဟုတ်ဘဲ တခြားအကြောင်းအရာကို ပြောဆိုထားတာဖြစ်ပါတယ်။


တရားခံအစစ် ဘယ်သူလဲ


နမ်းနိန်းကျေးရွာဖြစ်စဉ်ရဲ့ တရားခံဟာ ဘယ်သူဖြစ်တယ်ဆိုတာကို စစ်ကောင်စီနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။ 


စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ သေဆုံးသူတွေဘေးမှာ လက်လုပ်သေနတ်နဲ့ ပုံတွဲရိုက်ပြီး ကာကွယ်ရေးတပ်တွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် သေဆုံးသူများဟာ သွေးအလွန်ထွက်ပြီး သေဆုံးနေကြပေမယ့် သေနတ်တွေမှာတော့ သွေးစွန်းပေးနေခြင်းမရှိတာကို တွေ့ရပါတယ်။


ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF က နမ်းနိန်းရွာကို ဒရုန်းနဲ့ ထောက်လှမ်းကြည့်ရာက သေဆုံးနေသူတွေကို တွေ့တာကြောင့် လူကိုယ်တိုင် ဝင်ကြည့်ရာမှာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတာလို့ PNDF က ပြောပါတယ်။


“စစ်တပ်က ရွာကနေ ပြန်ထွက်သွားတော့မှ ကျွန်တော်တို့ ရွာထဲကို ဒရုန်းပျံကြည့်တယ်။ အဲဒီမှာ အလောင်းတွေ စတွေ့ခဲ့တယ်၊ ကျွန်တော်တို့လူကိုယ်တိုင်ရောက်သွားတော့ အလောင်းတွေက ရုပ်ပျက် ဆင်းပျက်ပဲ၊ သွေးတွေကတော့ ခြောက်နေပြီး၊နံရံမှာ ကျည်အရာတွေကတော့ ဇကာပေါက်လိုပဲ” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။


စစ်ကောင်စီတပ် နမ်းနိန်းရွာကနေ ထွက်သွားပြီးတဲ့နောက် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာမှာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်အသားပါ အင်္ကျီတစ်ထည်၊ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေနဲ့ စစ်ကောင်စီတပ်ထုတ် ကျည်ခွံအမြောက်အမြားကိုလည်း တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် အလောင်းတွေရဲ့အနီးမှာ အိမ်ထောင်စုစာရင်းစာရွက် အချို့တွေ့ခဲ့ရတယ်လို့ PNDF တာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။


“အိမ်ထောင်စု စာရင်းတွေထဲက ၃ ယောက်ရဲ့ အလောင်းတွေ တွေ့ရတယ်။ နမ်းနိန်းရွာသားတွေပဲ။ ကျန်တာတွေကတော့ ပအိုဝ်းအရပ်သားတွေပါပဲ။ ဒီစာရွက်တွေ ဒီနားရောက်နေတာက စစ်ကောင်စီတပ်က စစ်မေးတဲ့အချိန် သူတို့က ဒေသခံတွေပါဆိုတာကို သက်သေပြဖို့ သုံးခဲ့တာ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နမ်းနိန်းကျေးရွာဖြစ်စဉ်ရဲ့ တရားခံဟာ စစ်ကောင်စီတပ် ဖြစ်ကြောင်း အလောင်းတွေရဲ့ ဆေးစစ်ချက်တွေ၊ သက်သေအထောက်အထား ရရှိထားပြီး ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း သံလွင်တိုင်မ်းကို ပြောဆိုထားပါတယ်။


ခိုင်လုံအထောက်အထားများ ရှာဖွေတွေ့ရှိခြင်း


နမ်းနိန်းရွာ သတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁၆ ရက်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲမှာ ကရင်နီပြည်နယ် ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲဇော်က စစ်ကောင်စီဟာ နမ်းနိန်းကျေးရွာသားတွေကို အတွဲလိုက်ပစ်သေနတ်တွေနဲ့ ပစ်ခတ်သွားတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။


“အလောင်းတွေကို စစ်ဆေးခဲ့တဲ့အခါမှာ ပုံတွေမှာတွေ့ရတဲ့အတိုင်းပဲ နံရံတွေမှာ အပေါက်တွေက အများကြီးရှိနေတယ်။ ဒါဟာ ကျည်တွေက လူတွေကိုဖောက်ပြီးမှ နံရံကိုပါ ထိမှန်တာဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့်စစ်ကောင်စီက အတွဲလိုက်ပစ်တဲ့သေနတ်ကို သုံးခဲ့တယ်ဆိုတာထင်ရှားတယ်။ နောက်တစ်ခုက စစ်ကောင်စီက လူတွေကိုအနီးကပ် ပစ်သတ်ခဲ့တာကြောင့်အခုလို နံရံမှာအရာတွေ အများကြီးထင်ကျန်ခဲ့တာဖြစ်တယ်” လို့ ဒေါက်တာ ရဲဇော်က ပြောပါတယ်။


စစ်ဆေးချက်အရ အလောင်းတွေဟာ မသေခင်နှိပ်စက်ခံထားရမှု၊ တုံးသော သတ္တု၊ ချွန်သောအရာတွေနဲ့ အထိုးခံထားရမှု၊ ပါးစပ်ကို သေနတ်နဲ့တေ့ကာ ပစ်ခတ်ထားမှု၊ ဆေးလိပ်မီးနဲ့ထိုးထားမှုတွေ တွေ့ရှိခဲ့ရတယ်လို့လည်း ဒေါက်တာ ရဲဇော်က ဆိုပါတယ်။


ကရင်နီပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့လည်း အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီရဲ့ ကပစထုတ် ၅.၅၆ စာတန်းပါ ကျည်ခွံတွေတွေ့ရှိခဲ့ရတယ်လို့ ပြောဆိုပါတယ်။ သေဆုံးသူတွေရဲ့ ကိုယ်ထဲကနေလည်း ၅.၅၆ ကျည်ထိပ်ဖူးအချို့လည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် စစ်ကောင်စီက ရွာသားတွေကို သေနတ်နဲ့ပစ်ပြီးတဲ့နောက် သေတာကို အတည်ပြုနိုင်အောင် အလောင်းကို သေနတ်နဲ့ထပ်ပစ်တာ၊ သေနတ်ထိပ်ပိုင်အချွန်နဲ့ ထိုးတာတွေ လုပ်ဆောင်ထားတယ်တာကို စစ်ဆေးတွေ့ရှိရကြောင်းလည်း ဒေါက်တာရဲဇော်က ပြောပါတယ်။


တရားခံဟာ စစ်ကောင်စီရဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခမရ ၅၁၈ တပ်ရင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုမျက်မှန်ကလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


စစ်ကောင်စီရဲ့ အစီအစဉ် ဘာလဲ၊ဘယ်လဲ



ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာ အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို အခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က  ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။


အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အင်အားထပ်ဖြည့်ပြီး PNA တပ်နဲ့ပူးပေါင်းကာ စစ်ကြောင်းပြန်ထိုး လာရာကနေ ပင်လောင်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတာဖြစ်ပါတယ်။ စစ်ကြောင်းတွေ ပြန်ထိုးလာခဲ့ပေမယ့် စစ်ကောင်စီနဲ့ PNA ပူးပေါင်းတပ်တွေ ၃၀ နီးပါးအထိ ထပ်မံ သေဆုံးခဲ့ပါတယ်။


အဲဒီကစလို့ စစ်ကောင်စီဟာ ပင်လောင်းဒေသမှာ ကာကွယ်ရေးတပ်တွေ ခြေမချနိုင်ဖို့ လေကြာင်းကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။


စစ်ကောင်စီဟာ အခြေစိုက် နေပြည်တော်နဲ့နီးရာမှာ PDF တွေ ရောက်လာတာကို လက်ခံမှာမဟုတ်ဘဲ အပြင်းထန်ဆုံး ဖိနှိပ်ဖို့ပြင်ဆင်နေတာလို့ တပ်တွင်းသတင်းအရ သိရှိထားတယ်လို့ CDM တပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရဲ့ အနောက်ဘက်မှာ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ အရှေ့ဘက်မှာ ညောင်ရွှေမြို့နယ်၊ မြောက်ဘက်မှာ ကလောမြို့နယ်နဲ့ တောင်ဘက်မှာ ဖယ်ခုံမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ပင်လောင်းဒေသဟာ စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။


စစ်ကောင်စီရဲ့နေပြည်တော်နဲ့ ပင်လောင်းမြို့နယ်ကို အဖြောင့်တိုင်းမယ်ဆိုရင် ၅၂ မိုင်ခန့်သာဝေးပြီး ကားလမ်းအတိုင်းဆိုရင် ၈၅ မိုင်ခွဲသာ ဝေးပါတယ်။ အဲဒီအကွာအဝေးဟာ ပင်လောင်းကနေ နေပြည်တော်ကို ကားနဲ့ ၃ နာရီကျော်သာ မောင်းနှင်ရတဲ့ ခရီးဖြစ်ပါတယ်။


ဒီလိုအခြေအနေမှာ စစ်ရေးအရ မသာတဲ့ စစ်ကောင်စီဟာ ဒေသတွင်းပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းပြည်သူစစ်ကို အသုံးချဖို့ပြင်ဆင်လာတယ်လို့ ပအိုဝ်အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သံလွင်တိုင်မ်းကို ပြောပါတယ်။


“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အသုံးချလို့ရသမျှ သူ အသုံးချပြီးတော့ ဒါသူကတော့ အစားထိုးမှာပါပဲ။ အထူးအားဖြင့်တော့ ရှမ်းပြည်တောင်ပိုင်းမှာ ဆိုရင်လည်းပဲ ဒါ စစ်ကောင်စီက သူ့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အစည်းတွေနဲ့ အဲဒီနေရာမှာ သူ အစားထိုးပြီးတော့ ကာကွယ်မှုတွေ လုပ်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။


စစ်ကောင်စီဟာ ပအိုဝ်းနဲ့ ကရင်နီကို ရန်တိုက်ပေးနေတာက သူတို့ကိုယ်ကျိုးအတွက်သာဖြစ်တယ်လို့ PNDF တာဝန်ရှိသူကလည်း သုံးသပ်ပြောဆိုပါတယ်။ 


“သူတို့ (စစ်ကောင်စီ)က ပအိုဝ်းနဲ့ ကယန်း ကရင်နီပေါ့ ကြားထဲမှာ သွေးကွဲစေချင်တာ။ အဲ့တာကြောင့်လည်း တမင်လုပ်နေတာ၊ ဘာလို့ဆို တိုင်းရင်းသား အချင်းချင်းသွေးကွဲသွားရင် သူတို့သက်သာတယ်လေ။ သူတို့လှည့်ကြည့်စရာ မလိုတော့ဘူး။ အဲ့တာကြောင့်မဖြစ်ဖြစ်အောင်ကို လုပ်နေတာ” လို့ ပြောပါတယ်။


ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်ရဲ့ ဆက်ဆံရေး


ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကနေ ဝင်ရောက်အားဖြည့် တိုက်ခိုက်ပေးနေတဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA ပြည်သူ့စစ်အဖွဲ့ ရဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီးကို မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ခေါင်းဆောင်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုအပြီး ၄ ရက်အကြာ မတ်လ ၁၁ ရက်မှာ နမ်းနှိမ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ပါတယ်။


ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်တလုံးမြို့နယ်မှာ နေထိုင်တဲ့ ဦးအောင်ခမ်းထီးရဲ့ နေအိမ်ကို စစ်ကောင်စီ ဥက္ကဌ မင်အောင်လှိုင်က ရဟတ်ယာဉ် ၂စီးနဲ့ သွားရောက်ခဲ့ပြီး ပအိုဝ်းဒေသတွင်း တိုးတက်ဖို့လုပ်ငန်းစက်တွေ ဆွေးနွးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


ဒီလိုတွေ့ဆုံမှုဟာ စစ်ခေါင်းဆောင်က ပြည်သူ့စစ်ခေါင်းဆောင်ကို အသုံးချလိုတာကြောင့်လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ဆိုပါတယ်။ 


PNO/PNA ဟာ သမိုင်းကြောင်းအရ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးကို ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး အခုအချိန်မှာလည်း ပြည်သူ့ဘက်ရပ်တည်ဖို့နဲ့ စစ်အုပ်စုရဲ့ သွေးခွဲရန်တိုင်ပေးတာတွေကို သတိရှိဖို့လိုတယ်လို့ ဆိုပါတယ်။


“ပအိုဝ်းနဲ့ ကရင်နီကြားမှာ သွေးခွဲရန်တိုက်ပေးနေတာတွေ၊ ပအိုဝ်းနဲ့အခြားသော တိုင်းရင်းသားများ အကြားမှာ သွေးခွဲရန်တိုက်ပေးနေတဲ့ ကိစ္စတွေအပေါ်မှာကတော့ PNO/PNA အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘူးဆိုရင်လည်း မပြုလို့ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်လို့။ ဒီကိစ္စရပ်တွေမှာကတော့ PNO/PNA က ပြန်လည်သုံးသပ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။


စစ်ကောင်စီကြိုးပမ်းမှု အောင်မြင်မလားစစ်ကောင်စီက အခုလိုသွေးခွဲဖို့ကြိုးစားနေပေမယ့် ပအိုဝ်းလူမျိုးအများစုက အယုံအကြည်မရှိကြဘူးလို့ ဒေသခံတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။


တစ်ဖက်မှာလည်း PNO/PNA အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းမှုကြောင့် ပအိုဝ်းဒေသခံတွေကြား ယုံကြည်မှုကျဆင်းလာတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ပအိုဝ်းလူမျိုးနဲ့ ကယန်းလူမျိုးကြား လူမျိုးရေးပဋိပက္ခ ဖြစ်ပွားခဲ့တယ်ဆိုရင် ရှမ်း-ကယားနယ်စပ်မှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေ အက်အခဲကြုံ တွေ့လာရနိုင်တယ်လို့ ပအိုဝ်းလူမျိုး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


“တကယ်လို့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာရင်တော့ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှု အများကြီး ဖြစ်လာနိုင်တယ်၊ ရှမ်းတောင်ဟာ တော်လှန်ရေးရဲ့ အရွေ့တစ်ခုရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တယ် အဲထဲမှာမှ ပအိုဝ်းဒေသက စစ်ရေးအရပိုပြီး အချက်အချာကျပါတယ် ပအိုဝ်းပြည်သူတွေရဲ့ ပါဝင်မှုအားမပါရင် ရှမ်းတောင်တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ဖို့က အင်မတန်ခက်ပါတယ်၊ ပအိုဝ်းဒေသထဲက ကရင်နီစစ်ဘေးရှောင်တွေအတွက်လည်း ထည့်သွင်းစဉ်းစားရမှာတွေက အများကြီးပါ” လို့ သူက ဆိုပါတယ်။


ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားကတော့ လူမျိုးရေးပဋိပက္ခ မဖြစ်လာအောင် အစုအဖွဲ့တွေ ပေါင်းပြီး လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။


“အားကောင်းတဲ့ ဘာသာရေးအစုအဖွဲ့တွေ စာပေယာဉ်ကျေးမှုအစုအဖွဲ့တွေကနေ ဒါက လူမျိုးရေး၊ဘာသာရေး ကိစ္စမဟုတ်ဘူးဆိုတာကို စာထုတ်တာဖြစ်စေ၊ပန်ကြားလွှာတွေလုပ်ပြီးဖြစ်စေ လုပ်ခြင်းအားဖြင့် လက်ရှိအခြေအနေကို ဟန့်တားနိုင်လိမ့်မယ်” လို့ ဆိုပါတယ်။


သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.