သတင်းသိပိုင်ခွင့်အတွက် “တောင်ပေါ်အထိတက်ပြီး သတင်းဖတ်ရတယ်”

0
4591

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်မှာ ဖုန်းလိုင်းတွေဖြတ်၊ အင်တာနက်တွေဖြတ်ပစ်လိုက်ပါတယ်။ ဒါဟာ ရှေ့လျောက် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ သတင်းသိရှိခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအတွက် အလားအလာမကောင်းတဲ့ ရှေ့ပြေးနမိတ်ပါပဲ။


အဲ့ဒီနောက်မှာတော့ သတင်းဌာနကြီး ၇ ခုကို သတင်းထုတ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီး ဒေသတွင်း သတင်းမီဒီယာတွေကိုလည်း သတင်းထုတ်လုပ်ခွင့်လိုင်စင်တွေ ရုတ်သိမ်းလိုက်ပါတယ်။ 


နိုင်ငံအတွင်း လူမှုကွန်ယက်အသုံးပြုသူတွေကိုလည်း လူမှုကွန်ယက်မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Post တစ်ခုခု တင်မယ်ဆိုရင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချပြီး လွတ်လပ်စွာ ပြောဆိုခွင့်အတွက် လူတွေရဲ့ပါးစပ်တွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေချ ပိတ်ပစ်နေတာ ဆက်တိုက်ပါပဲ။


အဆိုးဆုံးကတော့ ကမ္ဘာ့မည်သည့်လုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ မည်သည့်လူမှုဘဝနယ်ပယ်မှာမဆို မရှိမဖြစ်လိုအပ်နေတဲ့ အင်တာနက် ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ပြီး တော်လှန်ပုန်ကန်သူတွေကို သတင်းဆက်သွယ်ခွင့် စစ်ကောင်စီက ဖြတ်တောက်ပစ်လိုက်တာပါ။

နွေနေပူပူမှာ လျှပ်စစ်မီးမရလို့ အမှောင်ထဲ ထိုင်နေကြရသလို အင်တာနက်ဖြတ်တောက်ပစ်ပြီး သတင်းအမှောင်ချလိုက်တာပါပဲ။ 


စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ အင်တာနက်သုံးမရအောင် သတင်းဆက်သွယ်ခွင့်မရှိအောင် အင်တာနက်မြန်နှုန်းကို အလွန်လျော့ချလိုက်သလို သတင်းစီးဆင်းမှုကို စစ်ကောင်စီက ဖြတ်တောက်ပစ်ပါတယ်။

ဒါ့အပြင် တယ်လီဖုန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ တယ်လီကွန်တွေကိုလည်း အင်တာနက်သုံးစွဲခ တိုးမြှင့်ကောက်ခံစေဖို့ စစ်ကောင်စီ ဆက်သွယ်ရေးကြီးဌာနက ဖိအားပေးခဲ့ပါတယ်။ ဒါ့ကြောင့် အရှေ့တောင်အာရှမှာ အင်တာနက်သုံးစွဲခ အမြင့်ဆုံးဖြစ်နေတာဟာလည်း မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိပါတယ်။


စစ်ကောင်စီဟာ ကျေးရွာတွေကို မီးရှို့တာ၊ လေတပ်ကနေ ဗုံးကြဲတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာစတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်နိုင်ဖို့၊ အချက်အလက် သက်သေ၊ သတင်းစီးဆင်းမှု မရှိစေဖို့ အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့မည်သည့် ကဏ္ဍမှာမဆို မရှိမဖြစ်လိုအပ်နေတဲ့ အင်တာနက်ဟာ လူတွေရဲ့အသက်ကိုပင် အကာအကွယ်ပေးနိုင်ပေမယ့် မြန်မာနိုင်ငံဒေသအချို့မှာတော့ ဒီလိုစွမ်းဆောင်ဖို့ သူမစွမ်းနိုင်တော့ပါဘူး။ 


အာဏာသိမ်းကာလအတွင်း စစ်ကိုင်း၊ မကွေးအပြင် တချို့ပြည်နယ်နဲ့တိုင်းရှိဒေသတွေမှာ ရွာလုံးကျွတ်မီးရှို့ခံရလို့ တောတောင်တွေထဲ ထွက်ပြေးပြီး စစ်ရှောင်နေကြရပါတယ်။
ဒီလိုဒုက္ခသည်တွေအတွက် သတင်းဟာ အသက်တမျှအရေးပါပါတယ်။ ဥပမာ လေကြောင်းတိုက်ခိုက်မှု လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေက ကြိုတင်သိရှိပြီး လေကြောင်းကာကွယ်ရေး အသိပေးချက်တွေ အင်တာနက်ဆက်သွယ်ရေးကတစ်ဆင့် လုပ်နိုင်ပါတယ်။ 


ဒါ့အပြင် ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဘယ်နေရာ၊ ဘယ်မြို့၊ ဘယ်ရွာရောက်နေပြီ ဘာလုပ်နေတယ်၊ ဘာလုပ်တော့မယ်ဆိုတာကို သတင်းအချက်အလက်ဖြန့်ပေးပြီး လူတွေရဲ့အသက်ကို အကာအကွယ်ပေးနိုင်ပါတယ်။


ဒါပေမယ့် အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒီလိုသတင်းစီးဆင်းမှုတွေ နှေးကွေးကုန်တာကြောင့် မြန်မာနိုင်ငံဒေသအချို့က ဒုက္ခသည်တွေ ဒုက္ခဝေကုန်ပါတယ်။


သတင်းအချက်အလက်ရဖို့ တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ဒုက္ခသည်များ

ရွာလုံးကျွတ်မီးရှို့ခံရလို့ တောတောင်တွေထဲ ထွက်ပြေးပြီး စစ်ရှောင်နေရတဲ့ စစ်ရှောင်မိသားစုတွေမှာတော့ မြို့ပြလိုဖုန်းဖွင့်ပြီး သတင်းအချက်အလက်ကြည့်ဖို့ ခက်ခဲနေကြပါတယ်။ 


စစ်တပ်က အကြမ်းဖက်နှိပ်စက်ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေကိုလည်း တခြားဒေသက ပြည်သူအများသိအောင် ပြောပြဖို့ အခက်အခဲရှိပါတယ်။ တောတောင်တွေထဲ ရွှေ့ပြောင်းနေထိုင်ကြရပြီး လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းမရတဲ့ ဒုက္ခသည်တွေဟာ ကျန်ရစ်တဲ့ ကိုယ့်ရွာ၊ ကိုယ်ဒေသလေး ဘာဖြစ်နေတယ်ဆိုတာတောင် သိခွင့်မရှိတော့ပါဘူး။


တချို့ကျေးရွာတွေက စစ်ဘေးရှောင်စခန်းတွေမှာ  ကျောက်သင်ပုန်းတစ်ခုပေါ် တစ်ပတ်အတွင်းဖြစ်ပျက်နေတဲ့ သတင်းတွေကို ခေါင်းစဉ်အတိုလေးနဲ့ရေးကာ ကျေးရွာလူထု သတင်းအချက်အလက်ရအောင် လူငယ်တော်လှန်ရေးသမားတွေက ကြိုးစားပေးမှသာ သတင်းအနည်းငယ် သိရှိခွင့်ရကြပါတယ်။ 

သတင်းသိပိုင်ခွင့်အတွက် ကြိုးပမ်းရပုံကို အညာဒေသက စစ်ဘေးရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ဦးသက်အောင်က အခုလို ပြောပါတယ်။


“စာဖတ်ဖို့က တော်တော်ခဲယဉ်းသွားပြီ၊စာအုပ်စာပေကိုတော်တော်ကို ဝေးသွားပြီ၊ စာစဉ်လေးတွေရောက်မှ ဖတ်လို့ရတယ်၊ ဖုန်းပြောဖို့တောင် တော်တော်ခက်တယ် သစ်ပင်ပေါ် တက်သုံးတက်ပြောရတယ်”လို့ ပြောပါတယ်။


သတင်းဌာနတွေက သတင်းအချက်အလက်တွေ သိနိုင်ဖို့အတွက် စစ်ရှောင်စခန်းကနေ ဖုန်းလိုင်းမိတဲ့ တောင်ပေါ်ကို သွားရောက်ကြရပြီး တောင်ပေါ်တက်နိုင်ဖို့ ဓားနဲ့ခြစ်ကာ ကြိုးစားပမ်းစား တက်နေရတယ်လို့လည်း စစ်ဘေးရှောင် ကိုဇော်ရဲက ပြောပါတယ်။
“ကျွန်တော်တို့လူငယ်ပိုင်းတွေက တောင်ပေါ်အထိတက်ပြီး သတင်းတွေဖတ်တယ်။ ပြီးရင် စစ်ဘေးရှောင်စခန်းထဲက အသက်အရွယ်ကြီးသူတွေကို ပြန်ပြောပြရတယ်၊နောက် တော်လှန်ရေးစာစဉ်လေးတွေလည်း လာပို့ရင်ဖတ်ရတယ်”လို့ ကိုဇော်ရဲက ဆိုပါတယ်။
သတင်းအတွက် အရေးပါလာတဲ့ တော်လှန်ရေး စာစဉ်များ
စစ်ကိုင်းတိုင်းထဲက အင်တာနက်နဲ့ ဖုန်းလိုင်းမကောင်းတဲ့ ကျေးရွာထဲက စစ်ရှောင်စခန်းတွေနဲ့ အခြေခံလူတန်းစားတွေအနေနဲ့ မျက်မှောက်နိုင်ငံရေးနဲ့ ကင်းကွာမသွားစေချင်တဲ့အတွက်  သတင်းအချက်အလက်တွေ စုဆောင်းရေးသားထားတဲ့ စာစဉ်တွေကို  ကြိုးစား  ဖြန့်ဝေရတာဖြစ်တယ်လို့ ဒေါင်းတံမန်စာစဉ်ရဲ့ လက်ထောက်အယ်ဒီတာ ရဲဘော်မင်းညိုလွင်က ပြောပါတယ်။ 
တော်လှန်ရေးစာစဉ်တွေ ဖြန့်ဝေရာမှာ တောတွင်းက စစ်ရှောင်စခန်းများ၊ တော်လှန်ရေးအဖွဲ့များနဲ့ မြေပြင်သပိတ်တွေဆီပါ ဖြန့်ဝေပေးလျက်ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ဒေသခံပြည်သူလူထု သတင်းအချက်အလက်ရအောင် ကြိုးပမ်းတဲ့အခါမှာ ရွာထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်နဲ့ တိုက်ဆိုင်ရင် တပိုင်တနိုင် ပုံနှိပ်စက်လေးတွေကို ဆိုင်ကယ်နောက်မှာတင်ပြီး ပြေးရလွှားရပြောင်းရတာတွေလည်း ရှိတယ်လို့ မြစ်ကွေ့-လူထုတော်လှန်ရေးစာစဉ် အယ်ဒီတာ ကိုချစ်ဝင်းမောင်က ဆိုပါတယ်။
စစ်ကြောင်းအခြေအနေကို ကြည့်ပြီး ဒီစာစောင်တွေကို ဘယ်လိုဝှက်ကြမလဲ။ ဘယ်လိုသွားဝေကြမလဲ ဆိုတဲ့ အခက်အခဲတွေကလည်း စာစဉ်တွေထုတ်ဝေဖြန့်ပေးနေသူတွေအတွက် အခက်အခဲတစ်ခုပါပဲ။ ဒါပေမယ့် ဒီစာစဉ်တွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကာလမှာ  တော်လှန်ရေးသတင်းကို ပြည်သူတွေအကြား တတ်နိုင်သလောက်ရောက်အောင် ပေါင်းကူးပေးနေကြတာကို တွေ့ရပါတယ်။

“အာဏာရှင်စနစ်အပါအဝင် စစ်အာဏာရှင်စနစ်အားလုံးရဲ့ အတွေးအခေါ်ဟောင်းတွေကို ဖယ်ရှားနိုင်ရေးအတွက် အနာဂါတ်နိုင်ငံတော်အတွက်လိုအပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အတွေးအမြင်တွေကို ဖြန့်ဖြူးနိုင်ဖို့အတွက် အဲ့နှစ်ခုနဲ့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ“လို့ မြစ်ကွေ့-လူထုတော်လှန်ရေးစာစဉ် အယ်ဒီတာကိုချစ်ဝင်းမောင်က ပြောပါတယ်။


သတင်းသိပိုင်ခွင့်အတွက် အခက်အခဲများ


တော်လှန်ရေးစာစဉ်တွေနဲ့ သတင်းတွေ ရေးသားဖြန့်ဝေတဲ့အခါ အခက်အခဲတွေက အင်တာနက်နဲ့ လျှပ်စစ်မီးအခက်အခဲပါပဲ။ 


ဒါ့အပြင် စာစဉ်ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းအယ်ဒီတာအဖွဲ့ဝင်များ၊ တာဝန်ခံအဖွဲ့များရဲ့ ခိုလှုံစရာနေရာအခက်အခဲ၊ လုံခြုံရေးနဲ့ လူထုထံဖြန့်ဝေရာမှာ စစ်တပ်နဲ့ ထိပ်တိုက်မတိုးအောင် ဖြန့်ဝေရတဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။

“စစ်ကြောင်းလာပြီဆိုရင်ပြေးရတာ Printer ဆေးရည်တွေ မှောက်ကုန်တာလည်း ကြုံရတယ်။ အထိုင်ချနေလို့မရဘူး ၊ စစ်ကြောင်းလာရင်ပြေးလိုက်ကြ Print ထုတ်လိုက်ကြပေါ့လုပ်ရတာ။ လျှပ်စစ်မီးအခက်အခဲက အချိန်နဲ့ပေးတော့ မီးလာရင်ထုတ်လိုက်ရပ်ထားလိုက်နဲ့ သွားရတာပေါ့ အင်တာနက်အခက်အခဲပိုရှိတယ်” လို့ တူမီးတော်လှန်ရေးစာစဉ် လုပ်ငန်းတာဝန်ခံ ကိုရီဗိုက ပြောပါတယ်။


ကျေးရွာဒေသတွေမှာ အခြေချဖြန့်ချိတာမို့ အင်တာနက်၊ လျှပ်စစ်မီးအခက်အခဲနဲ့ စာမူစုရတဲ့အခက်အခဲ၊ စာစဉ်ရိုက်နှိပ်ဖို့ မြို့ပေါ်တွေမှာ စာရွက်တွေကို စစ်တပ်ရဲ့ ဂိတ်အသီးသီးကို ဖြတ်ကျော်သယ်ယူရတဲ့ အခါ စစ်ကြောင်းက ဝင်ရောက်လာတဲ့ သတင်းအချက်အလက်ကြိုတင် စုဆောင်းကာ ရှောင်တိမ်းရတာလည်း စွန့်စားခန်း တစ်ခုပါပဲ။


“လက်လှမ်းမှီတဲ့ နေရာအထိ လျှပ်စစ်မီးကို သွယ်ထားတယ်။ လျှပ်စစ်မီးသွယ်ထားပေမယ့် မီးပျက်တာများတော့ ဘတ်ထရီအိုးနှစ်လုံးနဲ့ အင်ဗာတာနဲ့ချိတ်ပြီး အသုံးပြုရတယ်။

ကျွန်တော်တို့ တော်လှန်ရေးကြီးကလည်း နှစ်နှစ်အထိ ကြာလာခဲ့ပြီ။ အင်တာနက်ဖြစ်နေတဲ့ ပြည်သူတွေအားလုံး ဒီလိုစာစဉ်တွေ စာစောင်တွေကို တော်လှန်ရေးအသိတွေ နိုင်ငံရေး အသိတွေ များများ ပေးဝေစေလိုပါတယ်” လို့ ကျေးလက်လူထု စာစဉ်အဖွဲ့ဝင် ကိုလေဗွေက ပြောပါတယ်။

တော်လှန်ရေးစာစဉ်သတင်းအဖွဲ့တွေ တည်ရှိတဲ့ နေရာတွေကို စစ်တပ်က စီးနင်းခံရလို့ စက်ပစ္စည်းတွေ သိမ်းဆည်းခံရတာကြောင့် လက်ရေးစာမူတွေနဲ့ဖြန့်ရတဲ့အပိုင်းတွေတောင် ရှိတယ်လို့ တော်လှန်ရေးစာစဉ်ရေးသားနေသူတွေက ဆိုပါတယ်။


အင်တာနက်လိုင်းမရတဲ့ အခက်အခဲကြောင့်လည်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့လူထုနစ်နာမှုတွေနဲ့စစ်ကောင်စီရဲ့လှည့်ကွက်တွေ စစ်ကောင်စီရဲ့ လျိုဝှက်ထားတဲ့ အရာတွေအားလုံးကို တော်လှန်စာစဉ်တွေတဆင့် လူထုကို ပြောပြဖို့ရန်နဲ့ စာစဉ်တွေကတဆင့် လူထုရဲ့ နိုင်ငံရေးအသိ အမြင်တွေ နိုးကြားလာစေဖို့အတွက် ဆက်လက်ရေးသားဖြန့်ဝေသွားမယ်လို့ တော်လှန်ရေးစာစဉ်များ စီစဉ်ဖြန့်ဝေနေသူတွေက ပြောကြပါတယ်။


သတင်းအချက်အလက်နဲ့ လူငယ်တွေရဲ့ စာစဉ်များ


မြန်မာ့နွေဉီးတော်လှန်ရေး စတင်ချိန်မှာ  အင်တာနက် ပြတ်တောက်ခံရတဲ့ ဒေသတွေအတွက် ဒီစာစောင်တွေက တစ်ခုတည်းသော နိုင်ငံရေးသတင်းစကားတွေကို ရယူတဲ့ ပလက်ဖောင်းဖြစ်လာတယ်လို့ နိုင်ငံရေးဆောင်းပါးရှင် မင်းသေ့က ပြောပါတယ်။


“အင်တာနက်ပြတ်တောက်သွားတဲ့အခါ အဲ့ဒီစာစဉ်တွေကို အင်တာနက်အလှမ်းမီတဲ့ ဒေသက လူတွေက ကူးယူထားတယ်။ ဒေါင်းလုဒ်ယူထားတယ်။ သက်ဆိုင်ရာ အင်တာနက်မရရှိတဲ့ ဒေသတွေမှာ နိုင်ငံရေးအရ ဖြန့်ဝေဖို့ နိုင်ငံရေးအသိ နိုင်ငံရေးလမ်းညွှန်ချက်တွေ ရှိဖို့အတွက် တတ်နိုင်သမျှ ပုံနှိပ်(Print)ထုတ်ပြီး ဖြန့်ဝေတာတွေ တွေ့ရတဲ့အခါကျတော့ မြန်မာနွေဉီးတော်လှန်ရေးရဲ့ လိုအပ်ချက်ပေါ့ အင်တာနက်ပြတ်တောက်နေတဲ့ ဒေသတွေမှာ အလှမ်းမှီနေအောင် လုပ်ဆောင်ပေးတဲ့အတွက် အင်မတန်လည်း အကျိုးရှိတယ်” လို့ မင်းသေ့က ပြောပါတယ်။


နွေဉီးတော်လှန်ရေးကာလ ဖုန်းလိုင်းပြတ်တောက်တဲ့နေရာ အင်တာနက်ပြတ်တောက်တဲ့ ဒေသတွေအတွက် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန် လက်ရှိ ထုတ်ဝေလျက်ရှိတဲ့ တော်လှန်ရေးစာစဉ်တွေကတော့ ကျေးလက်လူထုသူပုန်စာစဉ်၊ မြစ်ကွေ့လူထုတော်လှန်ရေးစာစဉ်၊ ဆီသို့စာစဉ်၊ တူမီး တော်လှန်ရေး စာစဉ်၊ ဝရဇိန် စာစဉ်၊ ဖီးနစ်စာစဉ်၊ဒေါင်းတမန်စာစဉ် ၊ အိုးဝေစာစောင်၊ မိုလိုတော့ဗ် စာစဉ် ၊ မီးဒုတ်စာစဉ် ၊ လဂွန်းအိမ် စာစဉ် ၊တောင်ပံခတ်သံ စာစဉ် ၊ လူထုလက်ရုံးစာစဉ် ၊ ပင်နီစလင် စာစဉ် ၊ ဆိုရှယ်ဒီမိုကရက်စာစဉ် ၊ မှန်ပြောင်း စာစောင်၊ Doh Aung Pwal စသဖြင့် ဒေသစုံ၊ အကြောင်းအရာစုံကို လွှမ်းခြုံပြီး နာမည်ပေး ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။


လူထုရဲ့ နစ်နာမှုတွေ ဖော်ထုတ်တင်ပြနေတဲ့ စာစဉ်တွေ

စစ်တပ်က မတရားသဖြင့် ဖမ်းဆီးရိုက်နှက်သဖြင့် သေဆုံးခဲ့သည့် ကျေးရွာအသီးသီးက ကျဆုံးပြည်သူများအကြောင်း၊ ရွာလုံးကျွတ်မီးရှို့ရသည့် ဖြစ်စဉ်များ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ဝေလျက်ရှိတဲ့ စာစဉ်တွေက ဖော်ထုတ်တင်ပြလျက် ရှိတာကြောင့် ပြည်သူလူထုရဲ့နစ်နာမှုများကို ပြည်တွင်းပြည်ပက သိရှိခွင့်ရတယ်လို့ နိုင်ငံရေးလေ့လာသူများက ပြောပါတယ်။


ဒေသတွင်းမှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ သူတွေအကြောင်းကို စာစဉ်တွေမှာ ဖော်ထုတ်ရေးသားကာ ပြည်တွင်း၊ပြည်ပက ပြည်သူတွေ သိရှိအောင် သတင်းအချက်အလက်တွေ  မျှဝေလျက်ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ  လွတ်လတ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တွေ ဆုံးရှုံးလျက်ရှိပြီး ဒေသခံပြည်သူတွေရဲ့ အသံကို ထုတ်ဖော်နိုင်ရန် လူထုအခြေပြုမီဒီယာတွေ ၊လူထုအခြေပြုစာစောင်တွေကို တပိုင်တနိုင်ဖြန့်ဝေရန် လူငယ်တွေက အခက်အခဲအမျိုးမျိုးကြားကနေ ကြိုးပမ်းနေကြရတာပါ။


စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ သတင်းသိပိုင်ခွင့်တွေ ဆုံးရှုံးသွားရပြီး နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index ကို နိုင်ငံပေါင်း ၁၈၀ ကို တိုင်းထွာရာမှာ မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့် ၁၇၆ မှာရှိနေပါတယ်။ သတင်းထောက် ၇၀ ကိုလည်း ဆက်လက်ဖမ်းဆီးထားတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ သတင်းတိုက်တွေကို ပိတ်ပစ်တာစတာတွေကြောင့် သတင်းထောက်တွေအနေနဲ့လည်း သတင်းရယူဖို့နဲ့ ထုတ်ဖော်ရေးသားဖို့ အခွင့်အရေးမရကြပါဘူး။


ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာပါတဲ့ လူတိုင်းသည် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းဖူးနိုင်ခွင့် လက်ခံနိုင်ခွင့်နှင့် ဝေငှခွင့်တို့ ရှိတယ်လို့ သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ အခြေခံလူ့အခွင့်အရေးအဖြစ် ဖော်ပြထားပါတယ်။


အင်တာနက်ဖြတ်တောက်တာ၊ ဖုန်းလိုင်းတွေဖြတ်ထားတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေတာအပြင် သတင်းသိပိုင်ခွင့်အတွက် အခက်အခဲတွေကြားက ဘယ်လိုပင် ပေါင်းကူးဖြေရှင်းနေကြတယ်ဆိုပေမယ့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှသာ ဒီအရာတွေအားလုံး ပြေလည်သွားနိုင်မှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.