တနင်္သာရီမှာ အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိ ရှိလာ

ထားဝယ်၊ စက်တင်ဘာ (၉)

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ပထမအပတ်အထိ အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိရှိလာတယ်လို့ သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ Southern Monitor အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးမှုဟာ ထားဝယ်နဲ့မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာသိမ်းကာလအတွင်း အရပ်သား ၂၄၄ ဦး သေဆုံးထားသလို ဒဏ်ရာရရှိသူ ၉၃ ဦးထိ ရှိလာခဲ့တာပါ။

သေဆုံးသွားတဲ့ အရပ်သားတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက အကြောင်းမဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်တာ၊ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်သေဆုံးတာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် သေဆုံးနေတာ ဖြစ်ပါတယ်။

Southern Monitor အဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေဟာ ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခံရတာကြောင့် အများဆုံး သေဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၁၄၀၊ ဗုံးကွဲတာနဲ့မိုင်းဆွဲတိုက်ခိုက်မှု (၂၁၉) ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားသေဆုံးမှုဖြစ်စေတဲ့ ဖြစ်စဉ် (၁၄၁) ကြိမ်၊ စုစုပေါင်း အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်ပေါင်း (၄၉၃) ကြိမ်ဖြစ်ပွားထားပါတယ်။

Southern Monitor အဖွဲ့ အဆိုအရ အခုပြုစုထားတဲ့ အချက်အလက်တွေဟာ လက်လှမ်းမီးသလောက် ပြုစုထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး မြေပြင်မှာ ဒီထက် အများကြီး ပိုနိုင်တယ်လို့ ဆိုထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.