မော်လမြိုင်၊ စက်တင်ဘာ ၈
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကမ္ဘာ့နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံးခွဲတွေ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။
ကိုယ်စားလှယ်ရုံးခွဲတွေကိုတော့ ချက်၊ အင်္ဂလန်၊ နော်ဝေ ၊ပြင်သစ်၊ တောင်ကိုရီးယား၊ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျ နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံး တွေ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဆက်ဆံရေးဆောင်ရွက်နေတာပါ။
“ကျွန်တော်တို့တွေရဲ့ ဖွင့်ပွဲတွေကို သက်ဆိုင်ရာ နိုင်ငံတွေက တက်ရောက်တာတွေရှိပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပါလီမန်အမတ်တွေ၊အစိုးရအဖွဲ့ဝင်တွေတက်ရောက်ကြတာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးတွေက မြန်မာနွယ်ဖွားတွေရဲ့ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် အခက်အခဲတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးတာ တွေလုပ်ဆောင်နေပါတယ်” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေကို နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် အကူအညီ ရရှိဖို့ အိမ်နီးချင်းအစိုးရတွေနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်နေပြီး၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ကဏ္ဍပေါင်းစုံ နဲ့ချိတ်ဆက်ဆောင်ရွက်နေသလို တခြားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနွယ်ဖွားတွေရဲ့ အကျိုးစီးပွားအတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သူက ဆိုပါတယ်။
ချက်သမ္မတနိုင်ငံမှာရှိနေတဲ့ ကိုယ်စားလှယ်ရုံးမှာ ဆွီဒင်နဲ့ ဒိန်းမက်နိုင်ငံ တွေရဲ့ ကိုယ်စားလှယ်ရုံးတွေဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်း တာတွေလုပ်ဆောင်နေသလို အာဆီယံဒေသအတွင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတာတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ NUG ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် သံတမန်စစ်ဆင်ရေးမှာ အာဏာသိမ်းစစ်ကောင်စီဟာ အရှုံးကြီးရှုံးနိမ့်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
သတင်း-သံလွင်တိုင်းမ်

