ရန်ကုန်၊ စက်တင်ဘာ (၉)
စစ်ရေး၊အုပ်ချုပ်ရေး အပါအဝင် နယ်မြေစိုးမိုရေးကအစ အဘက်ဘက်က အရေးနိမ့်နေတဲ့အချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ပြဿနာကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုမှုဟာ လိမ်လည်မှုသာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ ပြုလုပ်နေတဲ့ ၇၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသတင်းဌာနတစ်ခုရဲ့ အင်တာဗျုးမှာ မြန်မာ့ပြဿနာ ထိန်းချုပ်နိုင်ပြီလို့ လိမ်လည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က မြန်မာ့ပြဿနာကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေသလို ရွေးကောက်ပွဲမှာလည်း ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုမပါဘဲ မိမိတို့ဘာသာ ကျင်းပသွားမှာ ဖြစ်ပြီး လွတ်လွတ်လပ်လပ် မဲပေးနိုင်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ လက်ရှိအအခြေအနေဟာ စစ်ရေးအပိုင်းမှာ လည်း အထိအခိုက်အကျဆုံးများနေပြီး သက်ဆိုင်ရာ မြို့နယ်တွေရှိ တပ်စခန်းတွေကလည်း စခန်းအပြင် မထွက်ရဲတော့သလို အုပ်ချုပ်ရေးယန္တရားကိုလည်း မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ ပြောပါတယ်။
အခုလို အခြေအနေမှာ မြန်မာ့ပြဿနာ ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ခေါင်းဆောင် ပြောဆိုမှုဟာ လိမ်လည်မှုသာ ဖြစ်ပြီး ရွေးကောက်ပွဲကို အတင်းအဓမ္မ စီစဉ်ဖို့ လမ်းကြောင်းနေတာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“အဲဒီအနေအထားတွေကို ခြုံကြည့်လိုက်လို့ရှိရင် စစ်ကောင်စီပြောတဲ့ တိုင်းပြည်ကိုထိန်းချုပ်နိုင်ပြီဆိုတဲ့ စကားဟာ လိမ်လည်တာဖြစ်ပြီး ဘာလို့ အဲဒီလို လိမ်လည်တာလဲဆိုရင် နောင်နှစ်မှာ သူ (စစ်ကောင်စီ) ကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို အတင်းအဓမ္မ လက်နက်နဲ့ စစ်အင်အားနဲ့ ချုပ်ကိုင်ပြီး ရတဲ့နေရာမှာ ရတဲ့နည်းနဲ့ ရွေးကောက်ပွဲကို ကျင်းပပြီး ကမ္ဘာကြီးကို လိမ်လည်ဖို့အတွက် စတင် လမ်းခင်းနေတာလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ထောက်ပြဝေဖန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်အတွင်း စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုစိုးမိုးထားတဲ့ဒေသများစွာ ရှိလာပြီ ဖြစ်သလို စစ်ကောင်စီအနေနဲ့ ထိန်းချုပ်ထားတဲ့ ဒေသဟာ တိုင်းပြည် တဝက်ပင် မကျန်တော့ဘူးလို့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ပြောဆိုထားပါတယ်။
နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ လက်ရှိ အနေအထားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲ မလုပ်သင့်ဘူးဆိုတဲ့ကိစ္စကို စဉ်းစားပုံ မရဘူးဆိုတာ ထင်ရှားနေတယ်လို့ မှတ်ချက်ပြုပါတယ်။
“သူ့အနေနဲ့ လက်ရှိအနေအထားမှာ ပိုပြီးတော့ တည်ငြိမ်လာအောင် နောက်ရွေးကောက်ပွဲ လုပ်လို့ရအောင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လက်နက်ကိုင်အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ သူလုပ်တယ်။ဖိတ်တဲ့အခါ သူတို့နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးပါတီတွေ တွေ့ထားတာရှိသလို လက်နက်ကိုင်အဖွဲ့တွေထဲမှာလည်း သူနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မယ်၊ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာတွေ ထောက်ခံနေတဲ့ အဖွဲ့တွေလည်း ရှိနေတယ်။အဲဒီအပေါ် အခြေတည်ပြီး ဆက်ဆုံးဖြတ်မယ်ဆိုရင် သူ (စစ်ခေါင်းဆောင်) ရအောင် လုပ်သွားမယ်လို့ ယူဆလို့ ရတာပေါ့”လို့ သူက သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်က မြန်မာ့ပြဿနာ ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ မြန်မာ့အရေးအထူးအကြံပေးကောင်စီ အဖွဲ SAC-M ကတော့ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ အားလုံးရဲ့ ပိုင်စိုးထိန်းချုပ်ထားနိုင်မှုဟာ အာဏာသိမ်း စစ်တပ်ထံ မရှိတော့ဘူးလို့ အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ထားပါတယ်။
အဲဒီအစီရင်ခံအရ စစ်ကောင်စီဟာ ထိန်းချုပ်နယ်မြေ လက်လွှတ်နေရတဲ့နှုန်း ဆက်လက်မြင့်တက်လာပြီး စစ်ကောင်စီရဲ့ အာဏာစက်မရှိတဲ့ နယ်မြေဒေသတွေကို ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေက ချုပ်ကိုင်လာတယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကတော့ လာမယ့်တစ်နှစ်ဟာ အဆုံးအဖြတ် ခံယူရမယ့် နှစ်တစ်နှစ် ဖြစ်ပြီး စစ်အုပ်စုကို အမြစ်ပြတ်သုတ်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲ အနှေးနဲ့အမြန် ရောက်လာတော့မယ်လို့ ပြောဆိုထားပါတယ်။
သတင်း-သံလွင်တိုင်းမ်

