တနင်္သာရီ၊ စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ဘဝပင်ကျေးရွားအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဘဝပင်ကျေးရွာက ကလေး၊ လူကြီးအပါအဝင် ဒေသခံ ၁၀၀ ကျော်ကို ဘဝပင်ကျေးရွာဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀၀ ကျော်ကို လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးဘဲ လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဘဝပင်ကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးလာတာ ဖြစ်ပါတယ်။
ဘဝပင်ကျေးရွာတိုက်ပွဲကြောင့် အနီးအနားကျေးရွာ ၅ ရွာက ဒေသခံ ၁၂၀၀ ကျော်ဟာ ဘေးလွတ်ရာတော တောင်တွေနဲ့ နီးစပ်ရာဆွေမျိုးကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခြေခံစားနှပ်ရိက္ခာ အပါအဝင် ဆေးဝါးနဲ့အမိုးအကာ အကူအညီတွေ အရေးပေါ်လိုအပ်နေတာပါ။
သတင်း-သံလွင်တိုင်းမ်

