မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံရ

0
9682

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထွေအုပ်က တရားလိုလုပ်ပြီး မော်လမြိုင် မြို့မရဲစခန်းမှာ ဒီကနေ့ ညနေပိုင်းက အမှုဖွင့်ထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် မွန်ပြည်နယ် ပြည်နယ်သားများအတွက် မေတ္တာရပ်ခံ တိုက်တွန်းတယ်ဆိုပြီး (၁)မိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်မှာဆိုရင် ဒေါက်တာအေးဇံက CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ဂုဏ်ယူကြောင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတတို့ ပြန်လည်လွှတ်မြော်ကတဲ့အထိ ဆောင်ရွက်ကြဖို့ ပြောဆိုတိုက်တွန်းထားတာပါ။

“ယခုအချိန်မှာ မွန်ပြည်နယ်သူ၊ ပြည်နယ်သားတွေ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကို တွေ့ရပါတယ်။ ညအချိန်မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သံပုံးတီးခြင်းများကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို များစွာ ဂုဏ်ယူပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တိူ့ လွှတ်မြောက်တဲ့အထိ ပါဝင်ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်”လို့ (၁)မိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်မှာ ဒေါက်တာအေးဇံက ပြောဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ထွေအုပ်က တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြည်သူ့အစိုးရဖွဲ့ချိန်ထိ အလုပ်ပိတ်ရက် ပေးခဲ့လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်ဟာ မော်လမြိုင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများတွင် ပြည်သူတွေနဲ့အတူ ဦးဆောင်ကာ ပါဝင်ခဲ့တဲ့အတွက် ဘီးလင်းမြို့နယ်  NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ၂ ဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်ထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.