အမေရိကန်သမ္မတရာထူးရဖို့ကြိုးပမ်းမှုကနေ နစ်ကီဟာလေ နုတ်ထွက်

0
36

ဝါရှင်တန် ၊ မတ် ၈

နစ်ကီဟာလေးဟာ ရီပတ်ပလစ်ကန် ပါတီရဲ့တစ်ပြေးနေတဲ့ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ထရန့်ကိုစိန်ခေါ်နေမှုကနေ အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတတို့သာ အဓိကယှဉ်ပြိုင်ရတော့မှာပါ။

တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ထရန့်လက်ထက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ နစ်ကီဟာလေဟာ ရီပတ်ပလစ်ကန်တို့ရဲ့ သမ္မတလောင်းရွေးချယ်ရေး နေရာ ၁၅ ခုထဲက ၁၄ နေရာမှာ ထရန့်ကို ရှုံးနိမ့်ပြီးနောက် ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ခဲ့တာပါ။

ကျွန်မရဲ့ မဲဆွယ်မှုတွေကို ရပ်တန့်ရဖို့ အချိန်ကျရောက်လာပါပြီလို့ နစ်ကီဟာလေက ချာလစ်စတန်မြို့မှာ သူ့ရဲ့ ထောက်ခံသူတွေကိုပြောခဲ့ပြီး သူ့အနေနဲ့ နောင်တရတာမျိုးမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ကိုအကြိမ်ကြိမ်အနိုင်ယူခဲ့တဲ့ ထရန့်ဟာ လက်ရှိအချိန်မှာ သမ္မတကိုယ်စားလှယ် လောင်းအဖြစ် ရီပတ်ပလစ်ကန် ပါတီက ရွေးချယ်သူဖြစ်လာနိုင်ပေမယ့် မိမိအနေနဲ့ လက်ခံ အတည်ပြုမှာ မဟုတ်ဘူးလို့ နစ်ကီဟာလေက ပြောပါသေးတယ်။

နစ်ကီဟာလေဟာ ရုရှားကျူးကျော်မှုခံနေရတဲ့ ယူကရိန်းကို အမေရိကန်က ကူညီသင့်တယ်လို့ ပြောဆို မဲဆွယ်ခဲ့တာဖြစ်ပြီး ဒီအချက်ဟာ ထရန့်နဲ့ အဓိက သဘောထားကွဲလွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဟာလေရဲ့ ထရန့်နဲ့ပတ်သက်ပြီး အမှန်ကိုထုတ်ဖော်ပြောဆိုခဲ့တဲ့ အတွက် ချီးကျူးခဲ့သလို ဟာလေရဲ့ ထောက်ခံသူတွေအနေဲ့လည်း မိမိကိုထောက်ခံကြဖို့ စည်းရုံးခဲ့ပါတယ်။

ဟာလေဟာ တခြားရီပတ်ဘလစ်ကန်တွေထက် ထရန့်ကိုအချိန်ပိုကြာကြာ စိန်ခေါ်နိုင်ခဲ့ပေမယ့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေအများကြီးနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတဟောင်းအတွက် အန္တရာယ် တစ်ခုအနေနဲ့ ဖြစ်မလာခဲ့ပါဘူး။

အသက် ၇၇ နှစ်အရွယ် ထရန့်နဲ့ အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်တို့ပြန်လည်ရင်ဆိုင်တွေ့မှုဟာ ၁၉၅၆ ခုနှစ်နောက်ပိုင်း အမေရိကန်ရဲ့ ပထမဆုံးထပ်မံယှဉ်ပြိုင်ရမယ့် သမ္မတရွေးကောက်ပွဲဖြစ် လာမှာဖြစ်ပြီး ဒီအခြေအနေကိုလိုလားတဲ့ အမေရိကန်နိုင်ငံသား အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

လက်ရှိစစ်တမ်းတွေမှာတော့ ဘိုင်ဒန်နဲ့ ထရန့်တို့ဟာ မဲပေးသူတွေကြား ထောက်ခံမှု လျှော့ကျနေတယ်လို့ ဖော်ပြနေပါတယ်။

နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ ပိုများလာနေတဲ့ နိုင်ငံမှာ သူတို့နှစ်ဦးရဲ့ မဲဆွယ်ကတိတွေဟာ နောက်ထပ်သဘောထား ကွဲလွဲမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.