ဘိုင်ဒန်နဲ့ ထရန့်တို့ကို သူတို့ရဲ့ပါတီတွေက ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းမယ်

0
28

ဝါရှင်တန်၊ မတ် ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး သူတို့ရဲ့သက်ဆိုင်ရာပါတီတွေက အမည်စာရင်းတင်သွင်းဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ အားလုံး ကိုက်ညီသွားပြီဖြစ်ကြောင်း CBSသတင်းမှာ ဖော်ပြထားပါတယ်။

မတ် ၁၂ ရက်က သူတို့အတွက် ပါတီတွင်း ရွေးကောက်ပွဲတွေကို ပြည်နယ်လေးခု၊ အမေရိကန်နယ်နိမိတ် တစ်ခုနဲ့ ပြည်ပမှာနေထိုင်တဲ့ ဒီမိုကရက်တို့အတွက်ကျင်းပပေးခဲ့ပါတယ်။ ရလဒ်တွေအရ သူတို့နှစ်ဦးဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲတုန်းကလို ထပ်ပြီးရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

မစ္စတာဘိုင်ဒန်နဲ့ မစ္စတာထရန့်တို့ရဲ့ အမည်စာရင်းတင်သွင်းမှုကို အခုနှစ်နွေရာသီမှာကျင်းပမယ့် သူတို့ပါတီတွေရဲ့ အမျိုးသားညီလာခံတွေမှာ တရားဝင်ကြေညာမယ်လို့လည်း သိရပါတယ်။

ထရန့်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ခါတိုင်းထက် ပိုကြီးမားနေတဲ့အချိန်မှာ မိမိရွေးကောက်ပွဲ ထပ်ပြိုင်ဖို့ ထောက်ခံ မဲပေးသူတွေကြောင့် ဂုဏ်ယူမိကြောင်း အသက် ၈၁နှစ်အရွယ်သမ္မတ ဘိုင်ဒန်က မတ် ၁၂ရက်မှာ ပြောကြားပါတယ်။

အပေါင်းလက္ခဏာဆောင်တဲ့ စီးပွားရေးအခြေအနေကြောင့် အမေရိကန်ဟာ တကျော့ပြန် အောင်မြင်လာမယ့် လမ်းခုလတ်ကို ရောက်ရှိနေတယ်လို့ သူက သုံးသပ်ပြောကြားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံ့အနာဂတ်အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။

လက်ရှိသမ္မတ ဖြစ်နေတာကြောင့် ဘိုင်ဒန်ဟာ သဘောတရားအရအသာရခဲ့ပြီး ဒီမိုကရက်ပါတီရဲ့ အမည်စာရင်း တင်သွင်းခံရရေး စိန်ခေါ်မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။

သူ့ရဲ့ သမ္မတတာဝန် ထမ်းဆောင်နိုင်စွမ်း၊ အသက်အရွယ်တို့နဲ့ ပတ်သက်လို့ မဲပေးသူတွေကြား စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ပါတီထောက်ခံသူတွေက သူ့ကိုအသေအချာဝန်းရံခဲ့ကြပါတယ်။

အသက် ၇၇နှစ်အရွယ် မစ္စတာထရန့်ဟာ ရီပက်ဘလေကန် ထောက်ခံသူတွေကြား အရမ်းရေပန်းစားနေဆဲ ဖြစ်တာကြောင့် ပါတီတွင်း ရွေးကောက်ပွဲတွေမှာ အသာရခဲ့တာ ဖြစ်ပါတယ်။

ထရန့်က ရွှေ့ပြောင်းနေထိုင်သူတွေကို ဝင်ခွင့်မပေးတော့ဘဲ နယ်စပ်ကို ပိတ်ပစ်မယ်၊ နိုင်ငံထဲ ရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စံချိန်တင်အတိုင်းအတာနဲ့ နှင်ထုတ်မယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။

ရာဇဝတ်မှု တိုက်ဖျက်ရေး၊ ပြည်တွင်း စွမ်းအင်ထုတ်လုပ်မှု အားကောင်းအောင် လုပ်ဆောင်ရေး၊ နိုင်ငံခြား သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ရေး၊ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး၊ ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ အမေရိကန် ပထမမူကို ပြန်လည်အသုံးပြုရေးတို့နဲ့ ပတ်သက်ပြီးလည်း ထရန့်ကမဲဆွယ်ခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.