ရေးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ရဲနိုင်ဦး

မေး – ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအပြီးကဆောင်ရွက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ သိပါရစေ။
ဖြေ – ဆောင်ရွက်ခဲ့တဲ့အခြေအနေကတော့ တစ်နှစ်တာဘတ်ဂျက်ပြီးတော့ ၁၇-၁၈ ဘတ်ဂျက်ပေါ့၊ နောက်ပြန်လာတော့ ၁၆-၁၇ ဘတ်ဂျက်နဲ့လုပ်ထားတဲ့ဟာတွေကို အိုဗာ ဆိုဒ်လုပ်တယ်၊ ဒီအပိုင်းကို အဓိကလုပ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ၁၆-၁၇ ဘတ်ဂျက်ကနေ ၁၇-၁၈ ဘတ်ဂျက်ရောသွားစိုးလို့၊ အဲဒီတော့ ဘယ်ဟာတွေက ဘယ်လိုအခြေအနေလုပ်ထားလဲဆိုတာ ဒါတွေပဲအများအားဖြင့် လုပ်ဖြစ်ပါတယ်၊ ထပ်တိုးဘတ်ဂျက်တွေနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့်

ပညာရေးပေါ့၊ ပညာရေးနဲ့ပတ်သက်လို့ ထပ်ချပေးထားတဲ့ဟာတွေလိုက်ကြည့်ဖြစ်ပါတယ်။

မေး – လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တဲ့နေရာမှာ အခက်အခဲများရှိပါသလား၊ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နေပါသလဲ။
ဖြေ – အခက်အခဲကြီးကြီးမားမားရယ်လို့ မတွေ့ဘူး၊ ကိုယ်ပြောရင်တော့ သူလုပ်တာပဲ၊ ဥပမာ – တလောက ကမ်းနားလမ်းရှင်းဖို့၊ ပြောရင်လုပ်တာပဲ၊ ဒါပေမယ့် တစ်ခုမကောင်းတာက ဒီအလုပ်က ဘယ်သူ့အလုပ်လဲ၊ ကိုယ့်အလုပ်ကို ကိုယ်မသိတာအဆိုးဆုံးပဲ၊ ဌာနဆိုင်ရာတွေက၊ ဒါတွေက ကိုယ်လုပ်ရမယ်၊ ကိုယ်ဖြေရှင်းရမယ်၊ သူများပြောမှလုပ်တယ်ဆိုတာကတော့ ဒါဟာ ကောင်းတဲ့အလေ့အထမဟုတ်ဘူး၊ ဒါပေမယ့်လဲပဲ ဖြတ်သန်းလာတဲ့အတွေ့အကြုံအရ နှစ်ပေါင်းများစွာ အမိန့်နာခံစနစ်နဲ့ပဲ သွားနေတဲ့အခါကျတော့ အခုဟာက ဌာနဆိုင်ရာအများစုက ပြောမှပဲ ဒါငါလုပ်ရမှာပါလားဆိုတာ အဲဒီလုပ်တဲ့အကျင့်က ပါနေတာ။ ပူးပေါင်းဆောင်ရွက်မှုကတော့ ကောင်းတယ်၊ သူ့ဟာသူမလုပ်တာတစ်ခုပဲ။ ပြည်နယ်အစိုးရအဖွဲ့ကျတော့ တစ်ခါတလေ အက်ရှင်ပိုင်းမှာ နည်းနည်းနှေးတယ်၊နှေးတယ်ဆိုတာကလဲပဲ
အပြစ်ပြောလို့မရဘူး၊ ဘာလို့လဲဆိုတော့ ဥပမာ – ကျွန်တော်လည်း ဒီလိုပဲ တစ်နှစ်လောက်က လေ့လာရင်းနဲ့ပဲ အချိန်ကုန်သွားတယ်၊ လေ့လာတယ်၊ သင်ယူစရာရှိတာ သင်ယူတယ်၊ သူတို့လဲပဲ သင်ယူရမယ့်အပိုင်းကို သင်ယူရဦးမှာပါပဲ။ သင်ယူရင်းနဲ့ပဲ တစ်နှစ်ပြီးသွားပြီပေါ့၊ နောင်နှစ်ဆိုရင် ဒီထက်ကိုတော့ လုပ်ဆောင်မှုအပိုင်းမှာ တက်လာမယ်လို့ထင်ပါတယ်။

မေး – လက်ရှိ မြို့နယ်အတွင်းမှာရှိတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ၊ စီမံကိန်းများအကောင်အထည်ဖော်ပြီး၊ ဖော်ဆဲ၊ ဖော်မယ့်
ကိစ္စတွေနဲ့ပတ်သက်လို့ ကြည့်ရှုတွေ့ရှိချက်တွေနဲ့ လိုအပ်ချက်တွေကို ဘယ်လိုဘယ်ပုံဆက်လက်ဆောင်ရွက်သွားပါမလဲ။
ဖြေ – လိုအပ်ချက်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အိုဗာဆိုဒ်လုပ်တာပဲလေ၊ ဥပမာ – လုပ်ငန်းတစ်ခုအတွက် ဘတ်ဂျက်ချထားပေးတယ်၊ ဒီဘတ်ဂျက်ကို မှန်မှန်ကန်ကန်သုံးစွဲ/မစွဲ၊ အရည်အသွေးပြည့်မှီခြင်းရှိ/မရှိ၊ ဒါတွေကိုကြည့်မယ်၊ ကြည့်ပြီးတော့ အရည်အသွေးပြည့်မှီမှုမရှိဘူးဆိုလို့ရှိရင် ဒါ သူ့ရဲ့သက်ဆိုင်ရာဝန်ကြီးဌာနကို ပြန်တင်ပြမယ်၊ ဒါ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်နိုင်တာက ဒါပဲရှိတယ်၊ ဝန်ထမ်းကို ဘယ်လိုလုပ်ပါ၊ ဒါလုပ်ပါပြောလို့မရဘူး၊ ဆက်လုပ်ရမယ့်အပိုင်းက သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့အလုပ်ပဲ။

မေး – မွန်ပြည်နယ်မှာ တင်ဒါချထားပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့တာဝန်ရှိသူတွေကိုဘာများပြောချင်ပါသလဲ။
ဖြေ – တင်ဒါချပေးတဲ့နေရာမှ နံပါတ်တစ်က ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်၊ နံပါတ်နှစ်က အချိန်နဲ့တပြေးညီချပေးဖို့လိုတယ်၊ အချိန်နဲ့တပြေးညီဆိုတာက အခုဒီနှစ် တင်ဒါချပေးတဲ့အပိုင်းတွေက ဥပမာ – ရေးက အ-ထ-က(၃)မှာ ရာမညကုမ္ပဏီချကိုထားပေးတာကို နှစ်စကတည်းက ခု နှစ်ကုန် မတ်လမကုန်တကုန်မှ အသည်းအသန်လုပ်တယ်၊ အဲဒီတော့ တင်ဒါချထားပေးတဲ့နေရာမှ ကုမ္ပဏီတစ်ခုကို တင်ဒါအများကြီးချထားပေးခြင်းသည် အဲ့လိုမျိုး နှောင့်နှေးမှုဖြစ်စေတယ်၊ နောက်တစ်ခုက ဒီ အဆောက်အဦးအငယ်လေးတွေပေါ့၊ လုပ်ငန်းအလတ်စားတွေကိုကျတော့ ဒေသခံတွေကိုချပေးတာ ပိုပြီးတော့ကောင်းတယ်၊ အရည်အသွေးအရ၊ အဝေးကလာတဲ့ဟာတွေကျတော့ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီမှာလုပ်တယ်၊ ဒီမျက်နှာပြန်မြင်စရာမလိုတော့ဘူး၊ ဒါလုပ်ပြီးတာနဲ့ သူသွားလိုက်မယ်၊ ဒေသခံတွေ ကျတော့ ဒီမှာပဲရှိနေတဲ့အခါကျတော့ ဒီမြို့ကလူတွေက ဝိုင်းပြောကြမယ်၊ မင်းလုပ်ထားတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အဲ့လိုပြောလို့ မခံနိုင်တဲ့အခါကျတော့ သူတု့ိက အရည်အသွေးမှီအောင်လုပ်တယ်။ အဲဒါတွေရှိတယ်၊ နောက်တစ်ခုက သက်ဆိုင်ရာမြို့နယ်မှာ လုပ်ငန်းတွေချတဲ့နေရာမှာ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးတွေကပဲ ဘယ်နေရာ ဘာလုပ်သင့်တယ်ဆိုပြီးချသွားတယ်၊ ချသွားတဲ့အခါကျတော့ တချို့ဟာတွေက ခေါင်းစဉ်လွဲနေတဲ့ဟာတွေများတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ပြည်နယ်က ထိန်းချုပ်မှုတွေများသလို မြို့နယ်အဆင့်တွေကလဲပဲ နေရာချတာတွေလွဲတယ်၊ လုပ်ထားတဲ့လမ်းတွေကလည်း အရည်အသွေးမမှှီဘူး၊ ကွန်ကရစ်လမ်းပခုံးတင်ပေးရမယ်ပြောတယ်၊ လမ်းပခုံးမတင်ဘဲနဲ့ ဒီအတိုင်းကျောက်စရစ်အပေါ်ကနေ မဆလာအုပ်ထားတဲ့၊ အများကြီးပဲ၊ ဒီဟာတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တွေ့ရှိချက်တွေကို ပြောပြတဲ့အဆင့်ပဲရှိတယ်၊ တကယ်လုပ်ရမှာက သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကလုပ်ရမယ်၊ အက်ရှင်ယူကိုယူရမယ်။ ဒီလိုနမူနာယူမှသာလျှင် ဒီကုမ္ပဏီသည် နောက် ဒီလိုမျိုးမလုပ်ရဲတော့ဘူး၊
သင်္ကြန်လွန်ကာလကျရင်တော့ တွေ့ရှိချက်တွေကို စာနဲ့အကြောင်းကြားမယ်။

မေး – မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့တိုင်ကြားမှုတွေရှိပါသလား၊ ဘယ်လိုဆောင်ရွက်
သွားဖို့ရှိပါသလဲ။
ဖြေ – အများအားဖြင့်က တိုင်းကြားချက်တွေအနေနဲ့ ကိုယ်စားလှယ်တွေကို လိပ်မူတာထက် ခုဟာက အစိုးရအဖွဲ့ကို လိပ်မူတာပဲများတယ်၊ ကိုယ်စားလှယ်ကို မိတ္တူပေးတဲ့အဆင့်ပဲရှိတယ်၊ ဒါပေမယ့် မိတ္တူပေးထားတဲ့အခါကျတော့ ဘာတစ်ခုသိနေရလဲဆိုလို့ရှိရင် ဘယ်နေရာဘာဖြစ်တယ်ဆိုတာ သိရတယ်၊ သို့သော် တိုင်ကြားချက်တွေက ဝန်ကြီးချုပ်ဆီကိုဖြစ်တဲ့အတွက်ကြောင့် ကြားထဲကနေ အက်ရှင်အတင်းဝင်ယူလို့မရဘူး၊ တိုင်တဲ့သူက အက်ရှင်ယူတဲ့အခါကျရင် ဒေတာတွေစုထားတဲ့အနေအထားပဲရှိတယ်။
image1
မေး – ကမ်းနားလမ်းစီမံကိန်းအတွက် လက်ရှိအနေအထားလေးသိပါရစေ။
ဖြေ – နောက်ဆုံးအခြေအနေကတော့ ဘတ်ဂျက်ကျပြီ၊ သန်း ၂၈၀ ပေါ့၊ ပြည်နယ်ဖြည့်စွက်ဘတ်ဂျက်ကနေချထားပေးတာ၊ ကျပြီဆိုတော့ စောစောစီးစီးလုပ်ဖို့၊ သင်္ကြန်လွန်ပြီးရင် ပစ္စည်းတွေစုတာတို့ ပိုင်ရိုက်တာတို့လုပ်လို့ရတယ်၊ မိုးတွေရေများရင် နားမယ်၊ စက်တင်ဘာ၊ အောက်တိုဘာဆို ပြန်လုပ်၊ အဲ့လိုနှစ်ပိုင်းခွဲလုပ်လို့ရတယ်၊ တဆက်တည်းလုပ်မယ်ဆိုလို့ရှိရင်လဲ စက်တင်ဘာကဆိုလုပ်လို့ရပြီ၊ အဲလိုတော့ အကြံပြုထားတာရှိတယ်၊ ဘယ်လိုလုပ်မလဲဆိုတာ ပုံစံကိုမတွေ့ရသေးဘူး၊ တကယ်လာလုပ်တဲ့အခါကျရင်လာလုပ်တဲ့ကုမ္ပဏီနဲ့တော့ စကားပြောရမယ်၊ တကယ်လို့ ကမ်းနားလမ်းအထဲပိုင်းကိုပဲ ပိုင်တွေရိုက်ပြီးလုပ်သွားရင် ဒီအတိုင်းဒီအတိုင်းပဲဖြစ်မယ်၊ ကျဉ်းတယ်၊ ပိုင်ရိုက်တဲ့အခါကျရင် ပိုင်တွေကို ချောင်းတဲ့အထိဆင်းရိုက်ပြီးတော့ လုပ်ခြင်းအားဖြင့် လမ်းကျယ်သွားမယ်၊
အဲဒီတော့ ဈေးကိုလာတဲ့ယာဉ်တွေက ကားထားလို့ရတယ်၊ ကမ်းနားလမ်းယာဉ်ကြောမကြပ်တော့ဘူး။

မေး – တစ်နှစ်ကျော်ကာလအတွင်း လွှတ်တော်အတွင်း/လွှတ်တော်ပြင်ပ ဆောင်ရွက်တင်ပြမှုတွေနဲ့ ရှေ့ဆက်
အလေးပေးဆောင်ရွက်သွားမယ့်အစီအစဉ်လေးလဲသိပါရစေ။
ဖြေ – လွှတ်တော်အတွင်း ဝင်ဆွေးနွေးတဲ့ မေးခွန်းတွေ၊ အဆိုတွေ ၁၅ ခုလောက်ရှိပြီ၊ အထူးသဖြင့် နောက်ဆုံးက ဘတ်ဂျက်ကိစ္စမှာ အခွန်ကောက်ဥပဒေရယ်၊ ရသုံးငွေစာရင်းရယ်၊ စီမံကိန်းဥပဒေရယ် ဝင်ဆွေးနွေးဖြစ်တယ်၊ ဝင်ဆွေးနွေးတဲ့အခါ အဲဒီမှာ ဘာတွေကို တွေ့ရသလဲဆိုလို့ရှိရင် ဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ ဘဏ္ဍာနှစ်လုပ်ထားတဲ့ပုံစံက ဧပြီ ၁ ရက်မှာစတာနဲ့ သင်္ကြန် ၁၀ ရက်က တန်းလာတယ်၊ တန်းလာတော့လုပ်လို့မရဘူး၊ တင်ဒါခေါ်မယ့်ဟာနဲ့က မေလကုန်သွားပြီ၊ တင်ဒါလဲကျရော မိုးလဲရွာရော၊ မိုးရွာတဲ့အခါကျ အောက်တိုဘာလလောက်မှ ပြန်စဖြစ်တယ်၊ အဲဒါကို အောက်တိုဘာကိုရွှေ့ဖို့၊ အောက်တိုဘာလမှာစမယ်ဆိုရင် ပွင့်လင်းရာသီတောက်လျှောက်လုပ်သွားရုံပဲ၊ ဥပမာ ကျောင်းတွေဆောက်မယ်ဆိုရင် ခုဆို အခက်အခဲဖြစ်တယ်၊ ဘတ်ဂျက်စဖွင့်တာက ဧပြီ၊ သူစီစဉ်နေတဲ့
အချိန် ကျောင်းပြန်ဖွင့်တယ်၊ တချို့ကျောင်းဆောင်တွေက ဖြိုရမယ်၊ ပြန်ဆောက်ရမယ်ဆိုရင် စာသင်သားတွေအတွက် နေရာမရှိတော့ဘူး၊ အောက်တိုဘာဘတ်ဂျက်ဆိုရင် ကျောင်းပိတ်ရက်အတွင်း အပြီးဆောက်လို့ရတယ်၊ ခုဆို တက်သုတ်ရိုက်ပြီးဆောက်နေရတဲ့ အတွက်ကြောင့် အရည်အသွေးမမှီတာတို့ရှိတယ်၊ မြို့နုယ်ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ကတော့ ပြန်လည်တည်ဆောက်ရေး၊ လျှပ်စစ်မီးကိစ္စတွေ တင်ပြဖြစ်ခဲ့တယ်၊ ရှေ့ဆက်ပြီး ဒီမြို့မှာကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ဆိုတာက PLAN တွေလိုတယ်၊ ဘယ်နေရာမှာ ဘာလုပ်သင့်လဲ၊ ဘယ်လိုချမလဲ၊ ရှေ့ဆက်ပြီးလုပ်ဖို့က တစ်နှစ်တွင်းမှာက လေ့လာနေရတဲ့အပိုင်းရယ်၊ ခုလုပ်နေတဲ့ဟာတွေကို လိုက်ပြီးတော့ စိစစ်စောင့်ကြည့်ထိန်းကြောင်း
ရင်းအချိန်ကုန်သွားတယ်၊ လာမယ့်နှစ်ကျရင် ဖွံ့ဖြိုးရေးအတွက်သွားရမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.