လက်ရှိထက်ပိုကောင်းတဲ့ အနာဂတ်ကို မြင်ချင်ရင် NLD ကိုသာ မဲပေးပါလို့ဆိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်းနှင့်တွေ့ဆုံခြင်း

0
17362

ဧပြီလ(၁)ရက်နေ့မှာ ကျင်းပတော့မည့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ချောင်းဆုံမြို့နယ် လစ်လပ်မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ(၅)ခုမှ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးအေးဝင်းကို ရွေးချယ်ခဲ့သည်။ ဦးအေးဝင်းသည် ဓာတုဗေဒအထူးပြု

သိပ္ပံဘွဲ့ရရှိထားသူဖြစ်ပြီး လက်ရှိမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ မွန်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်နယ်ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်းတာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပညာရေးအထောက်အကူလုပ်ငန်းများနှင့် အခြားပရဟိတ လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်နေသူဖြစ်ပြီး အသက်(၅၀) အရွယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည့်အတွက် သံလွင်တိုင်းမ်ကို တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦးအန်ကယ်။
ဖြေ။ ။အန်ကယ်က ပြည်နယ်အလုပ်အမှုဆောင်လည်းဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမည် စာရင်းတွေ တင်ပါလို့ပြောတဲ့အချိန်မှာ အမည်စာရင်းတင်ဖြစ်တယ်။ အန်ကယ်ကလည်း ဘီလူးကျွန်းမှာနေတာ (၂၈)နှစ် ၊ (၂၉) နှစ်လောက်ရှိပြီ။ ပါတီရဲ့ လုပ်ငန်းတွေကိုလည်း အန်ကယ်က တောက်လျှောက်လုပ်ဖြစ်ခဲ့တယ်။ ပါတီဗဟိုကနေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရမယ်လို့ ညွှန်ကြားချက်ထွက်လာတဲ့အခါ ပါတီရဲ့ အဖွဲ့ဝင် တွေနဲ့ ညှိနှိုင်းပြီးတော့ လူရွေးကြတယ်။ စာရင်းတင်သွင်းတာ (၇) ဦးမှာ အန်ကယ်တို့ (၃)ကို မြို့နယ်က ဆန်ကာတင်ရွေးလိုက်တယ်။ မြို့နယ် ၊ ခရိုင်၊ပြည်နယ်နဲ့ ဗဟို အဆင့်ဆင့်ရောက်တယ်။ (၃)ယောက်ထဲမှာ ဗဟိုကနေ အန်ကယ့်ကို ရွေးချယ်လိုက်တာပါ။ ပါတီရဲ့ တာဝန်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ တာဝန် ထမ်းဆောင်ထားတယ်။ အန်ကယ်တို့ပါတီကလည်း ပါတီကြီးဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကလည်း မဖြစ်မနေပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ဒေသခံတွေရဲ့အကျိုးကို လွှတ်တော်ထဲကလည်းဆောင်ရွက်လို့ ရတယ်။ ပါတီမှာလည်း လှုပ်ရှားလို့ရတယ်ဆိုတော့ ပြည်သူ့လွှတ်တော်နေရာမှာ ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

မေး။ ။အရင်ကရော နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အတွေ့အကြုံတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ ၁၉၈၈ ခုနှစ်မှာ အန်ကယ်တို့က တက္ကသိုလ်တတိယနှစ် ရောက်နေပြီ။ အဲ့ဒီအချိန်မှာ အန်ကယ်တို့က မော်လမြိုင်မြို့မှာ ဦးဆောင်ကျောင်းသားအဖြစ်နဲ့ အာဏာရှင်စနစ်ကို စတိုက်ခဲ့တယ်။ မဆလ အာဏာ တစ်ပါတီစနစ်နဲ့ ကြုံခဲ့တာဆိုတော့ ဒီစနစ်ဆိုးနဲ့ သွားနေရင် တို့နိုင်ငံဘယ်လိုမှ တိုးတက်မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ တစ်ဖက်တစ်လမ်းကနေ တွန်းလှန်ခဲ့ကြတယ်။ အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဖြစ်ခဲ့ကြ တယ်။ ဒီအတိုင်းသွားနေရင်တော့ သားသမီး၊ မြေး၊မြစ်တွေအထိ အားလုံးဒုက္ခရောက်တော့မှာပဲဆိုပြီး ကျောင်း သား၊ရဟန်း ၊မိဘတွေအားလုံးတွန်းလှန်ကြတော့ ဒီစနစ်ကြီးက ကျရှုံးသွားတယ်။ဒါပေမယ့်လည်း အမြစ်ဖျက် ခြေမှုန်းမနိုင်ခဲ့ဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်ကယ်တို့ ပါတီ အနိုင်ရရှိခဲ့ပေမယ့်လည်း အသိအမှတ်မပြုခဲ့ တော့ ဆက်တိုက် တိုက်ခဲ့တယ်။ ဒီစနစ်တွေကို တကယ်တိုက်ရင်တော့ တက်နိုင်မှာပါ။ဒီစနစ်ဆိုးကြီးကို အရင်က မတိုက်ဖျက်ခဲ့ကြလို့ အန်ကယ်တို့ခေတ်မှာ စနစ်ဆိုးနဲ့ ကြုံခဲ့ရတယ်။ အန်ကယ်တို့လက်ထက်မှာမှ ဆက်မတိုက်ဖျက်ဘူးဆိုရင် နောင်မျိုးဆက်သစ်တွေလည်း ဒုက္ခတွေနဲ့ခံစားရမှာလေ။တို့က သိလျက်သားနဲ့ မလုပ်ခဲ့ဘူးဆိုရင် တို့လောက်ညံ့တာ မရှိတော့ဘူးလေ။တာဝန်အသိစိတ်နဲ့ ကိုယ်ပါဝင်နိုင်တဲ့ အခန်းကဏ္ဍက နေ အခုလို ပါဝင်တာဖြစ်ပါတယ်။

မေး။ ။လက်ရှိ NLD အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတစ်ချို့ကို ပြောင်းလဲခဲ့သော်လည်း တစ်ချို့ကိစ္စ တွေမှာ အကောင်အခည်မဖော်ဖြစ်ခဲ့တာတွေလည်း ရှိတော့ အဲ့ဒီအပေါ်မှာ အန်ကယ့်အမြင်လေးလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အန်ကယ်တို့ခေါင်းဆောင်လည်းပြောပါတယ်။ ကျွန်တော်တို့ဟာ NLD အစိုးရသာဖြစ်တာ ဌာနဆိုင်ရာ တွေမှာ ကျွန်တော်တို့လူတွေ တော်တော်နည်းပါတယ်။ လက်ရှိကျန်နေတဲ့လူတွေက အရင်လူဟောင်းတွေ ဖြစ်တယ်။ သူတို့က အရင်စနစ်နဲ့ ဖြတ်သန်းလာခဲ့တဲ့အတွက် အရင် အမြင်လေးတွေတော့ ကျန်နေတယ်။ အဲ့ဒါကိုလည်း အပြစ်မပြောပါဘူး။ ဒီမျိုးဆက်တစ်ခုလုံးကို ဖြုတ်လိုက်လို့ ရတဲ့စနစ်မျိုးလည်း မဟုတ်ဘူးလေ။ သူတို့ကိုကောင်းအောင် ကျွန်တော်တို့ ပြုပြင်ပေးရမယ်။ မှားနေတာရှိရင် ပြင်ခိုင်းမယ်။ ပညာပေးသင့်ရင် ပေးမယ်။ ထိန်းညှိသင့်ရင် ထိန်းညှိမယ်။ အခုဆိုရင် တစ်ချို့ဝန်ကြီးတွေကိုတောင် ဖြုတ်ပစ်တာမျိုးတွေတောင် ရှိနေပြီလေ။ ဌာနဆိုင်ရာညွှန်မှူးတွေကအစ တရားရုံးနဲ့ ပတ်သတ်တာတွေကိုလည်း တစ်လောကပဲ ဖြုတ်ပစ် လိုက်ကြတာတွေရှိတယ်။ ပြောထားတဲ့အတိုင်း မဖြစ်လာသေးတာတွေလည်း ရှိနေဦးမှာပဲ။ ကိုယ်သွားချင်တဲ့ ခရီးကို ဝုန်းခနဲ ထသွားလို့မှ မရတာ။ မလွယ်ဘူးလေ။အနှစ်(၆၀) လောက်ကတည်းက လူနေမှုစရိုက်တွေဆို တော့ အဲ့လိုလူဟောင်းတွေကတော့ ရှိနေဦးမှာပဲ။ မီဒီယာတွေဆိုလည်း အန်ကယ်တို့လုပ်တဲ့အထဲ မဟုတ်တာ တွေရှိရင် မီးမောင်းထိုးပြတာတွေလည်းရှိတော့ အောင်မြင်ကြမှာပါ။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်နေပြီလဲခင်ဗျာ။
ဖြေ။ ။အန်ကယ်တို့ မဲဆွယ်စည်းရုံးမယ့်နေရာတွေကို တင်ပြရတယ်။ အန်ကယ်တို့က ထောက်ပံ့ပေးတဲ့ သူတွေ လည်း ရှိပါတယ်။ ဥပမာမဲပေးနည်းမသိသေးတဲ့ ပြည်သူတွေကို လူငယ်တွေနဲ့လက်တွဲပြီးတော့ ပညာပေးလုပ် ငန်းလေးတွေလုပ်တယ်။
image1
မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးတဲ့ မဲဆွယ်စည်းရုံးကာလကို ရက်ပေါင်း(၆၀) သတ်မှတ်တာ နည်းတယ်လို့ တစ်ချို့ပါတီတွေက ပြောကြတယ်။ အန်ကယ်ရော ဘယ်လိုမြင်မိပါလဲ။
ဖြေ။ ။တစ်ချို့ကျတော့ နည်းတယ်လို့ ထင်ကြတာတွေရှိတယ်။ နယ်မြေတွေမတူကြဘူးလေ။ အဆင်ပြေတဲ့ နေရာတွေကျတော့ နှစ်လထဲနဲ့အပြီးပြတ်လုပ်နိုင်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အဲ့ဒါတွေကိုသိတော့ သိတယ်။ ဒါပေမယ့် generally ပဲသူထုတ်ပြန်လို့ အဆင်ပြေမှာပါ။ တောင်တန်းဒေသ တွေကျတော့ မဲဆွယ်စည်းရုံးရတာ ခက်ခဲတဲ့အတွက် နည်းတယ်လို့ပြောလို့ရပါတယ်။

မေး။ ။ NLD ရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုပေမယ့်လည်း NCA လက်မှတ်တွေ ရေးထိုးပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် အန်ကယ်ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ငြိမ်းချမ်းရေးကိစ္စကိုလည်း လက်မှတ်ထိုးတဲ့အထဲမှာ မပါဝင်သေးတဲ့ အဖွဲ့(၈) ဖွဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကနေပြီးတော့ ညှိနှိုင်းဆွေးနွေးနေကြတာတွေရှိပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ ပွင့်ပွင့် လင်းလင်းပြောပြလို့ရတာတွေရှိသလို ပုဂ္ဂိုလ်ရေးကိစ္စတွေကျတော့ သေသေချာချာတွေဆုံပြီး ပြောနေကြပါ တယ်။ ဘယ်သူကောင်းတယ်၊ဘယ်သူဆိုးတယ်လို့ ပြောနေတာထက်စာရင် သူလည်းသွားချင်၊ ကိုယ်လည်း သွားချင်ကြပေမယ့် အလုပ်မဖြစ်သေးဘူး။ တူတူသွားမယ်၊ တူတဲ့နေ့မရောက်မချင်း ဆွေးနွေးနေကြမှာပဲ။ ပြောနေကြမှာပဲ။

မေး။ ။ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် မွန်ပြည်နယ်ရဲ့ ဘယ်လိုကဏ္ဍတွေမှာ လုပ်ဆောင် ပေးသွားဖို့ရှိလဲ။
ဖြေ။ ။အဓိကက ပြည်သူလူထု လိုအပ်ချက်က ဘာလဲဆိုရင် တောင်သူလယ်သမားကဏ္ဍပါပဲ။ တောင်သူလယ် သမားတွေရဲ့ ရပိုင်ခွင့် ၊ အခွင့်အလမ်းတွေကို။ လယ်သိမ်းမြေသိမ်းကိစ္စတွေကို ပြဿနာတွေ၊ သူတို့အရေးကို လုပ်ဖို့များတယ်။ ချောင်းဆုံတံတားကြီးပြီးသွားပြီဆိုရင် ကျန်းမာရေးကဏ္ဍအတွက် အဆင်ပြေသွားမယ်။ ချောင်းဆုံပညာရေးကလည်း ကောင်းတယ်။ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုတွေလည်းကောင်းကြပါတယ်။ အန်ကယ်လည်း ဝမ်းသာပါတယ်။

မေး။ ။ လက်ရှိမွန်ပြည်နယ်ရဲ့ ခေါင်းဆောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ အပြောင်းအလဲတွေလုပ်မယ် ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်နေတာဆိုတော့ အဲ့လို ပြောင်းလဲမယ်ဆိုရင် အန်ကယ်ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ NLD အစိုးရကတော့ကောင်းမယ်လို့ ထင်တယ်လူကို တင်လိုက်တာပါပဲ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက လွဲသွားတာတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ သူလုပ်ချင်တဲ့ ရည်ရွယ်ချက်ကတော့ကောင်းတယ်။ ဒါပေမယ့် ပြည်သူလူထုက တစ်မျိုးမြင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အကောင်းအဆိုးဆိုတာတော့ဒွန်တွဲပြီး ရှိနေမှာပဲ။ အပြုသဘောဆောင်တဲ့ ထိန်းကျောင်းမှုတွေနဲ့ပဲ သွားရမှာပါ။

မေး။ ။၁၉၉၀ တုန်းကလည်း အပြတ်သတ်နိုင်ခဲ့တယ်။ ၂၀၁၅ တုန်းကလည်း နိုင်ခဲ့တယ်။ အခုရော အနိုင်ရရှိ မယ်လို့ ဘယ်လောက်အထိမျှော်လင့်ထားလဲခင်ဗျာ။
ဖြေ။ ။ အန်ကယ်တို့ကတော့ ပြိုင်ရင်အမြဲတမ်းပဲ နိုင်ချင်တယ်။ ဒေါ်စု(ဒေါ်အောင်ဆန်းစုကြည်)လည်း ဒီအတိုင်းပဲ။ ပြိုင်ရင် နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။

မေး။ ။ အန်ကယ့်အနေနဲ့ ပြည်သူလူထုအတွက် သီးခြားပြောချင်တာများရှိရင် စကားလက်ဆောင်အဖြစ်ပြော ပေးပါဦး။
ဖြေ။ ။ကျွန်တော်လည်း ပြည်သူလူထုအတွက်ပဲ အလုပ်လုပ်နေတာပါ။ ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် ပိုပြီး ကောင်းတဲ့ အနာဂတ်တစ်ခုဖြစ်စေချင်တယ်။ လတ်တလော ကောင်းတာထက်စာရင် ရေရှည်ကောင်းဖို့ အရေး ကြီးတယ်။ ပိုကောင်းတဲ့အနာဂတ်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် အရေးကြီးတာကတော့ NLD ကိုပဲ မဲပေးလိုက် တော့လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်အန်ကယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.