မွန်တွင် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်ရသည့် ကိုယ်စားလှယ်လောင်း ၁၁၅ ဦးရှိ

0
17162

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက်မှ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိသည့် ကိုယ်စားလှယ်လောင်း ၁၁၅ ဦးရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၁၈ ခုတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်းရုပ်သိမ်းသူ၊ ကွယ်လွန်သူ၊ ရွေးကောက်တင်မြှောက်ခံရသူနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံရရှိသည့် ကိုယ်စားလှယ် အားလုံး စုစုပေါင်း ၁၁၅ ဦးတို့က အာမခံငွေ ပြန်လည်ရရှိမည်ဖြစ်သည်။
“ခရိုင်တွေမှာ စာရင်းချုပ်ထားတာက ရုပ်သိမ်းတာ ၃ ဦးရှိမယ်၊ ကွယ်လွန်တာ ၁ ဦးရှိမယ် အဲဒါကို ဥပဒေအရ ပုံစံ (၆-ခ) နဲ့ အာမခံငွေကြေးကို ထုတ်ပေးရမှာဖြစ်တယ်၊ နောက်တခုက ရွေးကောက်တင်မြှောက်ခံရသူ ၄၅ ဦး ဒါကို (၆-ဂ) (၆-ဃ) နဲ့ ဥပဒေမှာ ရှိပြီးသားပါ၊ ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံ ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၅ ရာခိုင်နှုန်းက ၆၆ ဦးရှိတယ် ပြည်နယ်တခုလုံးမှာ ၃ သိန်းပြန်ရတာ ၁၁၅ ဦးဖြစ်ပါတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
ရွေးကောက်ပွဲဝင်သည့် ကိုယ်စားလှယ်လောင်းသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း တင်သွင်းပေးထားရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူတဦးသည် အမည်စာရင်းတင်သွင်းလွှာကို အပယ်ခံရလျှင်ဖြစ်စေ ရွေးကောက်ပွဲ မကျင်းပမီ ကွယ်လွန်လျှင်ဖြစ်စေ အမည်စာရင်းတင်သွင်းထားသူ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲရွှေ့ဆိုင်းထားလျှင်ဖြစ်စေ အမည်စာရင်း တင်သွင်းလွှာနှင့် အတူ ပေးသွင်းခဲ့သော ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေကို ပြည်နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲက ပုံစံ (၆-ခ) ဖြင့် ပြန်လည်ထုတ်ပေးရမည်ဖြစ်သည်ဟု နည်းဥပဒေတွင် ဖော်ပြထားသည်။
၎င်းပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရကြောင်း ကြေညာခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ပုံစံ (၆-ဂ) ဖြင့်လည်းကောင်း၊ ရွေးကောက်တင်မြှောက်ခြင်း မခံရသော်လည်း ရွေးကောက်ပွဲတွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံ တစ်ပုံနှင့်အထက်ရရှိသည့် ကိုယ်စားလှယ်လောင်းများကိုလည်း ပုံစံ(၆-ဃ) ဖြင့်လည်းကောင်း ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းလွှာလက်ခံစိစစ်ခဲ့သည့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ပြန်လည် ထုတ်ပေးရမည်ဖြစ်သည်။
ရွေးကောက်ပွဲတင်မြှောက်ခြင်း မခံရသည့်အပြင် ခိုင်လုံမဲရှစ်ပုံတစ်ပုံနှင့်အထက် မရရှိသော ကိုယ်စားလှယ်လောင်းများ၏ ဝင်ခွင့်အာမခံငွေကိုမူ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည့်အပြင် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို အကြောင်းကြားသည့်နေ့မှ ၆ လအတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရမည်ဟု ရွေးကောက်ပွဲနည်းဥပဒေတွင် ဖော်ပြထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.