ရေးတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုကိစ္စ မွန်အမျိုးသားပါတီ အမှုဖွင့်တိုင်ကြား

0
17108

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာအုပ်စုမဲရုံတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုကိစ္စနှင့် ပတ်သက်ပြီး မွန်အမျိုးသားပါတီက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်ဟု သိရသည်။
ရွေးကောက်ပွဲရက်က မဲရုံမှ ရွေးကောက်ပွဲကော်မရှင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက မောင်းထုတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်အမျိုးသားပါတီကို မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်ဟုဆိုပြီး ယင်းမဲဆန္ဒနယ်တွင် ဝင်ပြိုင်ခဲ့ကာ ရွေးကောက်တင်မြှောက်ခြင်းမခံရသည့် ကိုယ်စားလှယ်လောင်း နိုင်ကံလင်း၊ နိုင်စိန်မြမောင်နှင့် နိုအောင်ဌေးမွန် တို့က မဲမသမာမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စကို ကျနော်တို့ ပြည်ထောင်စု ကော်မရှင်ကို တိုင်းကြားတယ်၊ ကော်မရှင်ကနေ ဒါက ရဲအရေးပိုင်ခွင့် ရှိတဲ့အမှုဖြစ်တယ်၊ ရဲစခန်းမှ အမှုဖွင့်တိုင်ကြားပါဆိုပြီး အကြောင်းလာလို့ ကျနော်တို့ ၂၂ ရက်နေ့ညမှာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတယ်၊ ရဲစခန်းကနေ ချက်ချင်းဘဲ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု ရေးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် နိုင်ရန်လင်းအောင်က ပြောသည်။
ပြည်နယ်တခုလုံး အတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလတို့တွင် တိုင်တန်းမှုများရှိခဲ့သော်လည်း စေ့စပ်ညှိနှိုင်းရေးကော်မတီတို့၏ ညှိနှိုင်းမှုကြောင့် ပြောလည်မှုရရှိခဲ့ကြောင်း ရေးမြို့နယ်က ဖြစ်စဉ်တခုသာ အမှုဖွင့်တိုင်ကြားမှုရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးဟိဏ်းလင်းထက်က ပြောသည်။
၎င်းက “ရေးမှာဖြစ်တဲ့ကိစ္စကတော့ နဲနဲထူးဆန်းတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ ကော်မရှင်အဖွဲ့ဝင်တွေကို မဲရုံကနေ နှင်ထုတ်တာ အဲဒီကိစ္စက စေ့စပ်ညှိနှိုင်းရေးနဲ့ ရှင်းတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကလည်း တောင်းပန်တယ် ကော်မရှင်ကလည်း ကျေနပ်တယ်ဆိုပေမယ့် မွန်အမျိုးသားပါတီက ထပ်တိုင်လိုက်တယ် ဒါက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ရဲမှာ တိုင်ကြားရပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ အခန်း ၁၃ ပါ ပြစ်မှုပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်တဦးဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူ ဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တခုခုတွင် ပါဝင်သော အဖွဲ့ဝင်တဦးဦးကဖြစ်စေ သက်သေ အထောက်အထား ခိုင်လုံစွာဖြင့်  ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပနေစဉ်နှင့် ကျင်းပသောနေ့မှ ၁၅ ရက်အတွင်းသော်လည်းကောင်း ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။
အမှုဖွင့် တိုင်ကြားခံရသူအနေဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ပါရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.