မွန်တွင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များကို တရားဝင်ကန့်ကွက်မှု မရှိသေး

0
16838

မွန်ပြည်နယ်တွင် ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များကို ကန့်ကွက်ခြင်းနှင့် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်မှုများ မရှိသေးကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားပြီး နိုဝင်ဘာ ၂၃ ရက်နေ့ထိ မွန်ပြည်နယ်တွင် ကန့်ကွက်သူ မရှိသေးပေ။
“ကန့်ကွက်တာကတော့ လောလောဆယ် တရားဝင်ကန့်ကွက်မှုတော့ ဘာမှမတွေ့သေးဘူး” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
သို့သော်လည်း ကန့်ကွက်လွှာ တင်သွင်းရမည့်ရက်သည် ရွေးကောက်ပွဲရလဒ်များ ကြေညာပြီး ၄၅ ကြာမည်ဖြစ်သည့်အတွက် ကန့်ကွက်သူများ ရှိကောင်း ရှိလာနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးဟိဏ်းလင်းထက်က “သူတို့က ၄၅ ရက် အချိန်ရတဲ့အခါကျတော့ နောက်ပိုင်း ရှိကောင်း ရှိလာနိုင်တာပေါ့ ရှိကောင်းရှိနိုင်တယ်ဆိုတာက ဒီလိုပါ နိုင်ငံရေးသိုက်ကွက်ဆိုတာရှိတယ်လေ သူတို့ စိတ်ထဲမှာဘဲ ရှိတာပေါ့ ဆရာတို့ တွက်တာက ရှိကောင်း ရှိလာနိုင်တယ်လို့ တွက်တယ်”
ရွေးကောက်ပွဲ ဥပဒေဖော်ပြထားချက်အရ ပုဂ္ဂိုလ်တဦးဦးက ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်တဦးကို ကန့်ကွက်လိုလျှင်ဖြစ်စေ ယင်းမဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင်ဖြစ်စေ ထိုမဲဆန္ဒနယ်မှ ရွေးကောက်ပွဲ တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲရလဒ် ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
ကန့်ကွက်လွှာ တင်သွင်းသူတိုင်းသည် မိမိ၏ ကန့်ကွက်လွှာနှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ်အတွက် ငွေကျပ် ၅ သိန်း ကို ကော်မရှင်က သတ်မှတ်ပေးသွင်းရမည်ဖြစ်ပြီး ကန့်ကွက်လွှာတစောင်၌ ကန့်ကွက်သူတဦးထက် ပို၍ ပါရှိလျှင် ကန့်ကွက်သူ တဦးချင်းအလိုက် ငွေကျပ် ၅ သိန်းစီ ပေးသွင်းရမည်။
အဆိုပါ ပေးသွင်းထားသော အမှုစရိတ်များကို မည်သည့်အကြောင်းကြောင့်မျှ ပြန်လည် ထုတ်ယူခွင့် မရှိစေရဟု ရွေးကောက်ပွဲ နည်းဥပဒေတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် လွှတ်တော် ၃ ရပ်နှင့် တိုင်းရင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆန္ဒနယ် ၄၅ နေရာရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိခဲ့ကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.