ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး အဆို မေးခွန်း လုံးဝ မမေးခဲ့

0
9776

မော်လမြိုင် ၊ ဇန်နဝါရီ (၃၀)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်အတွင်း ဘီးလင်းမြို့နယ်က ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမင်းမင်းဦးဟာ အဆို မေးခွန်းတွေ တစ်ခုမှ မတင်သွင်း မမေးမြန်းခဲ့ပါဘူး။

ဦးမင်းမင်းဦးဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်သလို လူမှုရေးကိစ္စတွေကြောင့် ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်စာ တင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲ့ဒီလို နှုတ်ထွက်စာတင်ပြီးနောက် မွန်ပြည်နယ်လွှတ်တော်ကို ကိုယ်စားလှယ်အဖြစ်နဲ့ ပြန်လည် ရောက်ရှိလာပေမယ့် လွှတ်တော်ရေးရာတွေမှာ ပါဝင်ဆောင်ရွက်မှုက အင်မတန်မှ အားနည်းခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ်က အနားယူပြီးနောက် ကျန်ရှိတဲ့ လွှတ်တော် သက်တမ်း (၃)နှစ်အတွင်းမှာ အဆိုတွေ မေးခွန်းတွေ တင်သွင်းမေးမြန်းတာတွေကို မလုပ်ခဲ့သလို လွှတ်တော်ရေးရာတွေမှာ ဝင်ရောက် ဆွေးနွေးတာတွေလည်း မရှိခဲ့ဘူးလို့ လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်တွေက ပြောပါတယ်။

“အဓိကတော့ ဝန်ကြီးချုပ်ကနေ အနားယူပြီးနောက်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်တာလည်း ပါမှာပေါ့။ ဒီဟာပေါ်မှာ စိတ်မပါတော့တာလည်း ဖြစ်မယ်။ အဲ့အတွက် မလုပ် မရှုပ် မပြုတ် ဆိုတဲ့ ပုံစံမျိုးနဲ့ နေသွားတဲ့ သဘောပဲ။ သူ့မဲဆန္ဒနယ်အတွက် ဘာမှ ဆောင်ရွက်တာ မရှိသလို လွှတ်တော်မှာလည်း အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်တာ မရှိဘူး”လို့ လုပ်ဖော်ကိုင်ဖက် ကိုယ်စားလှယ်တွေက မှတ်ချက်ပြုထားပါတယ်။

အခုလို အဆို ၊ မေးခွန်းတွေ မတင်သွင်း မမေးမြန်းတာနဲ့ ပတ်သက်ပြီး ဦးမင်းမင်းဦးကို သံလွင်တိုင်းမ်မှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ မေးခွန်းအများဆုံး မေးခဲ့တဲ့ ကိုယ်စားလှယ်ကတော့ သထုံမြို့နယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ဖြစ်ပြီး ဒုတိယ အများဆုံး ​မေးခွန်းမေးသူကတော့ မုဒုံမြို့နယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်တို့ ဖြစ်ပါတယ်။

ဒုတိယအကြိမ် မွန်လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ၊ အထူးအစည်းအဝေး (၂) ကြိမ် နဲ့ အရေးပေါ် အစည်းအဝေး (၁)ကြိမ် ခေါ်ယူထားပြီး မေးခွန်း (၆၀၉)ခုနဲ့ အဆို (၄၈) ခု တင်သွင်းမေးမြန်းခဲ့ပါတယ်။

ကတိဝင်ထားတဲ့ အဆို ၊ မေးခွန်းတွေအပေါ် အစိုးရအဖွဲ့ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုကတော့ သက်တမ်းကုန်ခါနီး အချိန်ထိ (၅၀)ရာခိုင်နှုန်းပင် မပြည့်သေးဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.