မွန်ပြည်နယ်တွင် ဆန္ဒမဲပေးခဲ့သူ ၅၁ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိ

0
17540

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဆန္ဒမဲလာရောက်ပေးခဲ့သူ ၅၁ ဒသမ ၃၃ ရာခိုင်နှုန်းသာရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၃ သောင်း ၄ ထောင်ကျော်ရှိပြီး voter education အားနည်းခြင်း၊ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုနည်းခြင်း၊ ပြည်ပသို့ ရောက်ရှိနေသည့် မဲပေးပိုင်ခွင့်ရှိသူ များပြားခြင်းတို့ကြောင့် မဲပေးသူ ထက်ဝက်ကျော်သာရှိသည်ဟု  ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။
၎င်းက “ကျနော်ထင်တာကတော့ voter education နည်းထားတဲ့လူတွေလည်းရှိသလို နယ်မှာနေတဲ့လူတွေကလည်း မဲပေးတာကို စိတ်မဝင်စားဘူးလို့ တဘက်နိုင်ငံမှာလည်း သွားရောက် အလုပ်လုပ်နေတဲ့လူတွေများတယ်၊ voter education က သိပ်အရေးကြီးတယ်” ဟု ပြောသည်။
သို့သော်လည်း voter education သည် ကော်မရှင်တခုတည်းနှင့် လုပ်လို့မရကြောင်း CSO တို့၏ ပူးပေါင်းဆောင်ရွက်မှု လိုကြောင်း ၎င်းတို့အတွက် အထောက်အပံ့လည်း လိုအပ်ကြောင်း CSO များအနေဖြင့် အောက်ခြေ ဆယ်အိမ်စုလောက်ထိ voter education အသိပညာပေးသင့်သည်ဟုလည်း ပြောသည်။
၎င်းပြင် မဲပေးသူနည်းခြင်းသည် ရွေးကောက်ပွဲအသိပညာပေးမှု အားနည်းခြင်းကြောင့်တစ်ခုတည်းမဟုတ်ဘဲ စားဝတ်နေရေး အစရှိသည့် မဲမပေးနိုင်ခြင်း အကြောင်းအရင်း များစွာတွေ့ရှိရသည်ကိုလည်း ၎င်းက ပြောသည်။
“တချို့နယ်ဘက်မှာဆိုရင် မဲလာပေးတဲ့လူက ၃ ပုံ ၁ ပုံကျော်ကျော်လောက်ဘဲရှိတယ်၊ အကုန်လုံးက ထိုင်းရောက်နေကြတာလေ၊ ဘယ်လိုလုပ် မဲလာပြန်ပေးကြမလဲ၊ ရှိနေကြရင် ပေးကြမှာဘဲလေ” ဟု မုဒုံမြို့နယ်မှ ဦးထွန်းအောင်က ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၀ သိန်းကျော်ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ၁၅ သိန်း ၃ သောင်းကျော်ရှိခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.