၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးမျှ အရွေးမခံရ

0
17192

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မွန်နိုင်ငံရေးပါတီ အသီးသီးမှ အမျိုးသမီး ကိုယ်စားလောင်း တစ်ဦးမျှ အရွေးခံခဲ့ရခြင်းမရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့၏ ရလဒ်စာရင်းအရ သိရသည်။
မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီ ၃ ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦး၊ မွန်အမျိုးသားပါတီမှ ၉ ဦး၊ အမျိုးသမီးပါတီ(မွန်) မှ  ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲဝင်ခဲ့သည့် မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်း အများစုသည် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေရန်နှင့် လွှတ်တော်တွင်း အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ် ဝင်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
“မွန်ပြည်သူအနေနဲ့ ကြည့်ရင် မွန်ပါတီ (၃) ပါတီဖြစ်နေတဲ့အတွက် မွန်လူထုတွေ ဇဝေဇဝါဖြစ်ကြရတယ် မဲစာရင်းတွေ မပြည့်စုံ မရှိတဲ့လူတွေ စာရင်းပါပြီး လက်ရှိ ရှိနေတဲ့လူတွေ စာရင်းမပါတော့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတယ် တချို့ရွာတွေက မဲလာပေးရတာဝေးတော့ လာရောက်မဲမပေးကြ စိတ်မဝင်စားကြဘူး နယ်တွေမှာ ၄၀% လောက်ဘဲ မဲဆန္ဒပြုကြတယ်” ဟု မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်း မိလဝီဟန်က ပြောသည်။
၎င်းပြင် မွန်ဒေသခံ ပြည်သူများအနေဖြင့် မွန်ပါတီကိုယ်စားပြုအမတ် အရနည်းသည့်အပေါ် စိတ်ဓာတ်ကျ တွေဝေမနေသင့်ဘဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို သင်ခန်းစာယူပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်ကြရန်လည်း တိုက်တွန်းပြောဆိုသည်။
မွန်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ အရွေးမခံရသည့်အပေါ် လွှတ်တော်တွင်း မွန်အမျိုးသမီးအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်မည့် လမ်းကြောင်း ပိတ်သွားမည်ကို မွန်အမျိုးသမီးအရေး လှုပ်ရှားနေသူတို့က စိုးရိမ်းနေကြသည်။
“ဒီရွေးကောက်ပွဲမှာ ကျမတို့ မွန်တွေကို ကိုယ်စားပြုတဲ့အမျိုးသမီး တစ်ယောက်မှ မနိုင်တဲ့အတွက်ကြောင့်  မွန်အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲရောက်ဖို့ သယ်သွားပေးမယ့်လမ်း ပိတ်သွားသလို ခံစားရတယ်၊ ဒီရလဒ်ကို ကြည့်ခြင်းအားဖြင့် ကျမတို့မွန်မှာ ပညာပေးမှုတွေ အများကြီးလိုသေးတယ်၊ ဒီ့အပေါ်ကိုလည်း သင်ခန်းစာယူပြီး  အများကြီး ကြိုးစားရအုံးမယ်” ဟု Women and Empowerment Program officer မိချယ်ရီစိုးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတုန်းက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်က အနိုင်ရရှိခဲ့သည်။
မွန်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းတွင် ဖော်ပြထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.