မွန်ပြည်နယ်တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရ

0
17240

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ အသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၂ ဦးအနိုင်ရခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက် ရလဒ်စာရင်းအရ သိရသည်။
အနိုင်ရသည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းအားလုံးသည် NLD ပါတီမှ ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မာမာခိုင်၊ မိကွန်ချမ်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်နွယ်နွယ်အောင်၊ ဒေါ်သိရိရတနာ၊ ဒေါ်မြတ်သီတာထွန်းနှင့် ပြည်နယ်လွှတ်တော်တွင် ဒေါ်ခင်မျိုးမြင့်၊ ဒေါ်ကြည်ကြည်မြ၊ ဒေါ်တင်အိ၊ ဒေါ်မြသိင်္ဂံမော်၊ ဒေါ်ခိုင်ခိုင်လဲ့နှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ဒေါ်စံဝင့်ခိုင်တို့ဖြစ်သည်။
မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီ ၃ ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦး၊ မွန်အမျိုးသားပါတီမှ ၉ ဦး၊ အမျိုးသမီးပါတီ(မွန်) မှ ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးမျှ အရွေး မခံရပေ။
“မွန်ပြည်သူအနေနဲ့ ကြည့်ရင် မွန်ပါတီ (၃) ပါတီဖြစ်နေတဲ့အတွက် မွန်လူထုတွေ ဇဝေဇဝါဖြစ်ကြရတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်း မိလဝီဟန်က ပြောသည်။
ရွေးကောက်ပွဲဝင်ခဲ့သည့် မွန်အမျိုးသမီး ကိုယ်စားလှယ်လောင်းအများစုသည် နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာစေရန်နှင့် လွှတ်တော်တွင်း အမျိုးသမီးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ဝင်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
NLD မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ဦးအရွေးခံရသော်လည်း မွန်ကိုယ်စားပြုပါတီများမှ အမျိုးသမီး ကိုယ်စား လှယ်လောင်း တစ်ဦးမျှ အရွေးမခံရသည့်အတွက် လွှတ်တော်တွင်း မွန်အမျိုးသမီးအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်မည့် လမ်းကြောင်း ပိတ်သွားမည်ကို မွန်အမျိုးသမီးအရေး လှုပ်ရှားနေသူတို့က စိုးရိမ်နေကြသည်။
မွန်ပြည်နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက အနိုင်ရရှိခဲ့သည်။
Soc : Dawei Watch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.